၂၀၂၃ ခုနှစ်အတွက် အာရှအကောင်းဆုံး အမျိုးသားဆုကို ကာတာတိုက်စစ်မှူး အခရမ်အဖစ်က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဆုကို ဂျပန်တိုက်စစ်မှူး ကီကိုဆေကေက ရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်က အာရှအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ဖူးတဲ့ အဖစ်ဟာ ပြီးခဲ့တဲ့နှစ် အာရှဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ ကာတာအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်ဆတ်အသင်းတိုက်စစ်မှူး အဖစ်ဟာ အာရှဖလားဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်ပြီး ဂျော်ဒန်က အယ်နီမတ်၊ တောင်ကိုရီးယားက ဆိုယောင်ဝူး တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးဆု ရခဲ့တာဖြစ်ပါတယ်။
အဖစ်ဟာ အာရှအကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။
ဂျပန်အမျိုးသမီးတိုက်စစ်မှူး ကီကိုဆေကေဟာ ဩစတြေးလျ၊ တောင်ကိုရီးယား ကစားသမားတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံးအမျိုးသမီးဆု ရရှိခဲ့ပါတယ်။
ဒါဟာ ဂျပန်နိုင်ငံ အမျိုးသမီးကစားသမားတွေအနက် ၅ ယောက်မြောက် အကောင်းဆုံးဆု ရခဲ့တာဖြစ်ပါတယ်။
ဆေကေဟာ ၂၀၂၃ ခုနှစ် အာရှအမျိုးသမီး ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် အဓိက ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဂျပန်ပြည်တွင်းလိဂ်ပြိုင်ပွဲမှာလည်း ၂ နှစ်ဆက်တိုက် ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အာရှအကောင်းဆုံးဆု AFC ဆုကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုလည်း တက်ရောက်ခဲ့ပါတယ်။
Photos-AFC