လာမယ့် နိုဝင်ဘာလမှာ ရုံတင်ပြသမယ့် ဂျစ်ကားစီးဖူးသလား (ဂျားကစ်စားဖူးသရီး) ရုပ်ရှင်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဝေဖန်ရေးသားခဲ့တဲ့ အမျိုးသား တယောက် ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဟာဆယ်ယို ဆိုတဲ့ အမျိုးသားဟာ အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁ နာရီမှာ မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ အသံလှူဖို့သွားနေစဉ် ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
ကိုဟာဆယ်ယိုဟာ အောက်တိုဘာ ၂၄ ရက်က ဂျစ်ကားစီးဖူးသလား (ဂျားကစ်စားဖူးသရီး) ရုပ်ရှင်ဟာ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုကို လှောင်ပြောင်စော်ကားရာ ရောက်ကြောင်း အွန်လိုင်းမှာ ဝေဖန်ရေးသားခဲ့တာပါ။
ကိုဟာဆယ်ယိုရဲ့ မိတ်ဆွေတယောက်က “အသံလှူဖို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ အသိတယောက် အသံသွင်းနေတုန်း သူ့ဆီကို ဖုန်းဝင်လာလို့ ဖုန်းပြောမယ်ဆိုပြီး ထွက်သွားတာ၊ အဲ့ကတည်းက ပျောက်တာပါ။ သူက ပုံမှန်ဆို လူချစ်လူခင်များတဲ့သူတယောက်ပါ။ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ကျနော်ထင်သလို လူအများထင်တာနဲ့ ထပ်တူပါပဲ” လို့ DVB ကို ပြောပါတယ်။
အသက် ၃၂ နှစ်အရွယ် ကိုဟာဆယ်ယို (ခ) ကိုရှိုင်းထက်အောင်ဟာ ဟိန္ဒူဘာသာဝင် အမျိုးသားတယောက် ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။