နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေလို့ ပြင်ဦးလွင်-နောင်ချို ကားလမ်းသွားလာခွင့်ကို စစ်တပ်ဘက်က လတ်တလော ပိတ်ထားပါတယ်။
တအာင်းပြည်တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်နေတာပါ။
လက်ရှိမှာ ပြင်ဦးလွင်-နောင်ချို ကားလမ်းကို စစ်ကောင်စီဘက်က သွားလာခွင့်ပိတ်ပင်ထားပြီး ဖုန်းလိုင်းကော အင်တာနက်လိုင်းပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ပြင်ဦးလွင်-နောင်ချို ကားလမ်းပေါ်က ဝက်ဝံဂိတ်အထိသာ သွားလို့ရပြီး မန္တလေး-ပြင်ဦးလွင် ကားလမ်းမှာတော့ အစစ်အဆေးတင်းကျပ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လက်ရှိဖြစ်စဥ်တွေကို သိရဖို့က မလွယ်ဘူး၊ သူက ဖုန်းလိုင်းတွေကော အင်တာနက်လိုင်းတွေကော အကုန်လုံးဖျက်ထားတာ၊ ဟိုတရက်က အစ်ကိုတက်တာတောင်မှ ၁၆ မိုင်ဂိတ်ကနေစပြီးတော့ ရစ်တယ်ကွာ၊ ပြင်ဦးလွင် ဇီးပင်ကြီးမှာ တချက်ရစ်တယ်ကွာ၊ နောက်ဆုံး ဝက်ဝံ X-Ray ဂိတ်ခေါ်မှာပေါ့၊ အဲ့မှာဆို ဘယ်သွားမှာလဲမေးတော့ ပိတ်ချင်းမြောင်တင်သွားမလို့ ပြောတော့မှ ပိတ်ချင်းမြောင်ဆိုသွားတဲ့ မှတ်ပုံတင်တွေကော၊ လိုင်စင်တွေကော၊ ကားလိုင်စင်တွေပါ ပေးခဲ့ရတယ်။ X-Ray ဂိတ်ဟိုဘက်ကို ကျော်ပြီးတော့ မလွှတ်တော့ဘူးကွာ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ကူကနေ နောင်ချိုမြို့အတွင်းကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေဟာ ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်နေတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းနေရာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၂ ကြိမ်၊ ဗုံး ၁၈ လုံး လာကြဲသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နောင်ချိုမြို့ဒေသခံတွေကို DVB က အောက်တိုဘာ ၂၃ ရက်နေ့အထိ ဆက်သွယ်မေးမြန်းချက်အရ ပြင်ဦးလွင်-နောင်ချို ကားလမ်းပေါ်က ဂန့်ကောနဲ့ ဘန့်ဘွေးဘက်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုမြို့အနားက အုန်းမသီးလမ်းခွဲထိ တိုက်ပွဲတွေရောက်လာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတတယောက်က “တနေ့ကစပြီးတော့ စကစကနေပြီးတော့ နောင်ချိုကို ထိုးစစ်ဆင်လာတာပေါ့၊ ဝက်ဝံဘက်ကနေ ထိုးစစ်ဆင်လာတာပေါ့။ အုန်းမတီးလမ်းခွဲထိကို ထိုးစစ်ဆင်လာတာလို့ကြားတယ်၊ အင်အားများတယ်လို့ပဲ သိရတယ်ပေါ့နော်။ အင်အားဖြည့်တင်းတယ်လို့ပဲ သိရတယ်၊ ဒီဘက် ဟိုဘက် နှစ်ဖက်အခြေအနေပေါ့။ ဟိုဘက်ကလည်း အင်အားဖြည့်တယ်၊ ဒီဘက်ကလည်းအင်အားဖြည့်တယ်၊ အင်အားကတော့ နှစ်ဖက်ကဖြည့်ပြီး အပြင်းအထန်တော့ တိုက်နေတပဲဗျ၊ စကစဘက်ကလည်း လေကြောင်းတွေလည်း ပါတယ်ပေါ့နော့်” လို့ ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကို စစ်ရှောင်လာတဲ့သူတွေရှိနေပြီး စစ်ရှောင်ဦးရေကိုတော့ အတိအကျပြောလို့ မရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဘန့်ဘွေး၊ ရေဝင်၊ အုန်းမသီး၊ ရွှေညောင်ပင်ဘက် ဒေသခံအများစုကတော့ ၁၀၂၇ စစ်ဆင်ရေးစတင်တည်းက အနည်းစုပဲ ဆက်လိုက်နေထိုင်ကြပြီး တချို့ဆို စစ်ရှောင်နေရတာ လနဲ့ချီနေပြီလို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း အပြီးမှာတော့ နောင်ချိုမြို့ကို TNLA က သိမ်းပိုက်ထားပြီး ပြင်ဦးလွင်နဲ့ အနီးဆုံးဖြစ်တဲ့ တောင်ခမ်းအမြောက်စခန်း ကွက်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ အမြောက်တပ် (၃၅၄) တပ်ရင်းတို့ ကျန်ရှိနေသေးတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
မောရစ်