ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီး အလုံးသန့် တပိဿာကို ကျပ် ၅,၅၀၀ အထိ ရောက်ရှိနေပြီလို့ အောင်ပန်းကုန်စည်ဒိုင်တွေထံက သိရပါတယ်။
ရေကြီးနစ်မြုပ်မှုတွေကြောင့် ခရမ်းချဉ်သီးစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး ခရမ်းချဉ်သီး အထွက်နှုန်း လျော့ကျခဲ့သလို ရေနဲ့မျောပါ ပျက်စီးခဲ့ရတာတွေကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းတွေ မြင့်တက်လာရတာဖြစ်ပြီး လိုသလောက် ဝယ်လို့မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ အောင်ပန်းကုန်စည်ဒိုင်တွေက ပြောပါတယ်။
အောင်ပန်းက ကုန်စိမ်းဒိုင်ပိုင်ရှင်တယောက်က “ရေမကြီးခင်က လွှင့်ပစ်ရတဲ့ဟာတွေက အခုဆိုရင် ဘယ်နေရာမှာရလဲ လိုက်မေးပြီး ဝယ်နေရတာမျိုးပါ။ ၂၀ ရက်နေ့အထိ ၅,၀၀၀ ပဲ ရှိသေးတယ်။ ၂၁ ရက်နေ့မှာ ၅၀၀ ထပ်တက်တယ်။ ဆက်ပြီးတက်ဖို့ပဲရှိမယ်။ ရေကြီးတုန်းက ဆုံးရှုံးထားတာ မနည်းဘူးဆိုတော့ နောက်ထပ် စိုက်ခင်းမဖြစ်သရွေ့ကတော့ ဈေးက တက်နေဦးမှာပဲ” လို့ ပြောပါတယ်။
ခရမ်းချဉ်သီးအပြင် အာလူးဈေးနှုန်းတွေကလည်း ကျပ် ၃,၀၀၀ ကနေ ကျပ် ၆,၅၀၀ အထိ ရောက်ရှိနေပြီး ခရမ်းချဉ်သီးလိုပဲ ပစ္စည်းလိုသလောက်မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အိမ်ရှင်မတယောက်က “ရန်ကုန်မှာတော့ ၁၅ ကျပ်သားကို ၁,၀၀၀ တော့ ပေးရတယ်။ အလုံးကြီးရင် သုံးလေးလုံးပဲရတယ်။ စက်တင်ဘာလကုန်လောက်ကတည်းက အဲဒီဈေးဖြစ်နေတာ။ နည်းနည်းနာနေတဲ့ အလုံးမျိုးတွေကို ၅ လုံးလောက်ထည့်ပြီး တထုပ် ၅၀၀ မျိုးနဲ့ ရောင်းတာတွေလည်း ရှိတယ်။ ဈေးဝယ်စင်တာတွေမှာ ဘယ်လိုရောင်းလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စက်တင်ဘာလလယ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ကလော၊ အောင်ပန်း၊ ရွာငံနဲ့ အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေ စျေးမရှိဘဲ ဝယ်သူလည်းမရှိလို့ တောင်သူတွေဟာ စွန့်ပစ်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။
ရှမ်းတောင်ထွက် ခရမ်းချဉ်သီးတွေဟာ ဇူလိုင်လမှာ တပိဿာ ၁,၅၀၀ ကျပ်အထိ ရရှိသေးပြီး သြဂုတ်လမှာတော့ တပိဿာကို ၅၀၀ ကျပ်၊ စက်တင်ဘာလ ပထမပတ်မှာတော့ တပိဿာကို မြန်မာငွေ ၇၀ ကျပ်ပဲ ရှိခဲ့တာပါ။