တူရကီနိုင်ငံအလယ်ပိုင်း အာ့က်ဆရိုင်းပြည်နယ်မှာ အောက်တိုဘာ ၁၈ ရက် သောကြာနေ့က ဘတ်စ်ကား တစီးတိမ်းမှောက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၄ ဦးထိ ရှိခဲ့ပါတယ်။
ဘတ်စ်ကားဟာ အနောက်ပိုင်း ဘာလိကက်ဆဲပြည်နယ်မှ ခရီးသည်တွေကို တူရကီအလယ်ပိုင်းရှိ နာမည်ကြီး ခရီးသွားနေရာဖြစ်တဲ့ ကက်ပေဒိုဆေယာဒေသကို ပို့ဆောင်ပေးနေတာဖြစ်ပြီး အာ့က်ဆရိုင်း-အန်ကာရာ ကားလမ်းမကြီးမှာ မတော်တဆမှု ဘာကြောင့် ဖြစ်ပွားရသလဲဆိုတာတော့ မသိရသေးဘူးလို့ ဒေသအုပ်ချုပ်ရေးမှူး မဲမတ်အလီကွန်မ်ဘူဇိုဂလူ က သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံကို အမြန်ပို့နေကြောင်းနဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း ပြောဆိုပါတယ်။
အီလာ့စ် သတင်းအေဂျင်စီကတော့ ဘတ်စ်ကားဟာ ဂျပန်ခရီးသွားတွေကို တင်ဆောင်လာတာဖြစ်ပြီး ယာဉ်မောင်းက စတီယာရင်ကို ထိန်းချုပ်မှု ပြတ်တောက်သွားပြီးနောက် ဘက်စ်ကားက ဟန်ချက်မညီတော့ပဲ တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
ဘတ်စ်ကားမောင်းသူ နူရ်ဟန် ဟေဇာက သူ့မျက်လုံးဟာ နေရောင်ခြည်ကြောင့် ကြည့်လို့မမြင်နိုင်လောက်အောင် ကျိန်းသွားလို့ လမ်းချော်ထွက်သွားတာလို့ အီလာ့စ် သတင်းဌာနကို ပြောပါတယ်။
ဘတ်စ်ကားဟာ ကားလမ်းဘေးက အရံအတားတွေကို ကျော်လွန်ပြီး ဘေးဘက်စောင်းပြီး မှောက်သွားတာကို စီစီတီဗီ မှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ်။
Source-Reuters