ကိုလိုနီခေတ်အလွန် ကမ္ဘာမှာ အထူးသဖြင့် အဂတိလိုက်စားမှုနဲ့ အာဏာရှင်စနစ် ဖိစီးနှိပ်စက်ခံရတဲ့ နိုင်ငံတွေမှာ ဆင်းရဲ ချမ်းသာ မညီမျှမှုပြဿနာ ဘာကြောင့် ဒီကနေ့အထိ ရှိနေရသလဲဆိုတဲ့ အချက်ကို စူးစမ်းလေ့လာခဲ့တဲ့ ပညာရှင် ၃ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆု ဆွတ်ခူးသွားပါတယ်။
ဗြိတိန်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားတဲ့ ဆိုင်မွန်ဂျွန်ဆင်နဲ့ ဂျိမ်းစ်ရော်ဘင်ဆင်၊ တူရကီ-အမေရိကန် နှစ်နိုင်ငံသားခံယူတဲ့ ဒါရန် အဆမာဂလူတို့ ၃ ယောက်ဟာ “အင်စတီကျူးရှင်းတွေ ဘယ်လောက်ပေါ်ပေါက်ပြီး ချမ်းသာဝပြောမှုအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ” ဆိုတဲ့အပေါ်မှာ လေ့လာဆန်းစစ်ခဲ့တာ ဖြစ်တယ်လို့ တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက ထုတ်ပြန်ပါတယ်။
စီးပွားရေးသိပ္ပံဆိုင်ရာ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဂျက်ကော့ဘ် ဆဗင်ဆန်က “နိုင်ငံတွေအကြားမှာ ဝင်ငွေအကြီးအကျယ်ကွာဟမှုကို လျှော့ချတာဟာ ဒီကနေ့ခေတ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်တယ်” လို့ ပြောပါတယ်။
ဒီကနေ့ခေတ် ဝင်ငွေနိမ့်နိုင်ငံ အများအပြားကို သရုပ်ခွဲပြနိုင်တဲ့ အင်စတီကျူးရှင်း အားနည်းတဲ့ ပတ်ဝန်းကျင်အခြေအနေရဲ့ သမိုင်းဇာစ်မြစ်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဥက္ကဋ္ဌက သုံးသပ်ပါတယ်။
ကမ္ဘာပေါ်မှာ အမွဲတေဆုံးပြည်သူ ၄၀ ရာခိုင်နှုန်း နေထိုင်ရာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၂၆ နိုင်ငံဟာ ၂၀၀၆ နောက်ပိုင်း အကြွေးနွံမှာ ပိုနစ်လာတယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာ ထွက်လာပြီး နောက်တနေ့မှာပဲ အခုဆုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အရေးမလှ ဖြစ်နေတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
အဆမာဂလူနဲ့ ဂျွန်ဆင်ဟာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ လုပ်ကိုင်နေကြပြီး ရော်ဘင်ဆင်ကတော့ ရှီကာဂိုတက္ကသိုလ်က ဖြစ်ပါတယ်။
ကိုလိုနီပြုသူဟာ သယံဇာတွေ ထုတ်ယူဖို့ပဲ အာရုံစိုက်ခဲ့တာ၊ ဒါမှမဟုတ် ဥရောပက ရွှေ့ပြောင်းအခြေချသူတွေအတွက် ရေရှည်တည်တံ့တဲ့ အင်စတီကျူးရှင်းတွေ ဖော်ဆောင်ခဲ့တာ ဆိုတဲ့အချက်ပေါ် မူတည်ပြီး ဥရောပရဲ့ ကိုလိုနီပြုမှုဟာ ကမ္ဘာတလွှား မတူညီတဲ့ သက်ရောက်မှုတွေ ဘယ်လိုဖြစ်စေခဲ့သလဲ ဆိုတာကို ပညာရှင်တွေရဲ့ သုတေသနမှာ သုံးသပ်ထားပါတယ်။
တချိန်က ချမ်းသာတဲ့ ကိုလိုနီတွေ ဆင်းရဲသွားချိန်မှာ အင်စတီကျူးရှင်းတွေ စနစ်တကျ ထူထောင်နိုင်တဲ့ တချို့ ဆင်းရဲတဲ့ ကိုလိုနီနိုင်ငံတွေ ချမ်းသာကြွယ်ဝလာတာမျိုး ‘ကံကြမ္မာအပြောင်းအလဲ’ ဖြစ်သွားတာမျိုးတွေလည်း တွေ့ရှိခဲ့ပါတယ်။
နယ်မြေတခုကို ကိုလိုနီပြုရတာ အန္တရာယ်ကြီးလေလေ ကိုလိုနီပြုသူတွေ အသေအပျောက် များလေလေ၊ ဒီကနေ့ခေတ် ချမ်းသာကြွယ်ဝမှုကို တိုင်းတဲ့ တယောက်ချင်း ဂျီဒီပီ နည်းပါးလေလေ ဆိုတဲ့အချက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
စီးပွားရေးနိုဘယ်ဆုဟာ အဲဖရက်ဒ်နိုဘယ်လ် သတ်မှတ်ပေးခဲ့တဲ့ နိုဘယ်ဆုတွေထဲမှာ မပါဝင်ဘဲ နောက်မှ ထပ်ထည့်ထားတဲ့ဆု ဖြစ်ပါတယ်။
ဒါပေမဲ့ ဆုကြေး ဆွီးဒစ်ရှ်ခရိုနာ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ပေးအပ်တာခြင်း တူသလို ဂုဏ်သရေတူဆုကြီးအဖြစ် သတ်မှတ်ကြပါတယ်။
နာမည်အပြည့်အစုံက အဲလ်ဖရက်ဒ် နိုဘယ် အောက်မေ့ဖွယ် စီးပွားရေးသိပ္ပံဆိုင်ရာ ဗရီဂေးရစ်ဇ်ဘဏ်ဆု ဖြစ်ပါတယ်။
Source-Reuters