တယောက်နဲ့တယောက်၊ တဖက်နဲ့တဖက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု (existential threat) လို့ မြင်ထားကြတဲ့သူတွေကြားမှာ ငြိမ်းချမ်းရေးဆိုတာ ရှိလာနိုင်ပါ့မလား။ “မင်းနဲ့ငါ တယောက်မရှိမှ အေးမယ်” ဆိုတဲ့ အယူအဆတွေ၊ ပြင်းထန်တဲ့ အစွန်းရောက်တဲ့ အမြင်တွေကြားမှာ ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာလား။ အောက်တိုဘာ ၇ ရက်နေ့မှာ တနှစ်ပြည့်သွားပြီဖြစ်တဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ သမိုင်းမှတ်တမ်းနဲ့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ကြည့်ကြရအောင်ပါ။
အရှေ့အလယ်ပိုင်းက သန်းနဲ့ချီတဲ့ ပြည်သူတွေကတော့ ဒရာမာတွေ၊ ကြောက်မက်ဖွယ်ရာ သေဆုံးမှုတွေ မရှိတဲ့ ဘေးကင်း၊ တည်ငြိမ်တဲ့ဘဝမျိုးကို အိပ်မက် မက်ကြပါတယ်။
ခေတ်သမိုင်းမှာ ဒေသတွင်း အဆိုးဆုံးစစ်ပွဲတွေထဲက တခုဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စစ်ပွဲကတော့ နက်ရှိုင်းတဲ့ နိုင်ငံရေး၊ မဟာဗျူဟာနဲ့ ဘာသာရေး ပြတ်ရွေ့ကြောင်းတွေကို တံတားမထိုးနိုင်သရွေ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ တကယ်ဖြစ်မလာနိုင်ဘူးဆိုတာ သက်သေပြနေပါတယ်။
လွန်ခဲ့တဲ့ တနှစ်အကြာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးမြေပေါ်ကို အမှတ်မထင်၊ အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာပဲ အစ္စရေးမြို့တွေပေါ်ကို ရော့ကတ်မိုး ရွာသွန်းခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သားအများစု အပါဝင် လူ ၁,၂၀၀ လောက် သေဆုံးခဲ့သလို လူ ၂၅၀ ကျော်ကိုလည်း ဂါဇာကမ်းမြောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဒီအကြမ်းဖက်မှုဟာ ရာစုနှစ် တခုကျော် မဖြေရှင်းနိုင်တဲ့ ပဋိပက္ခကနေ ပေါက်ဖွားလာတဲ့ ကြေကွဲ ကြောက်မက်ဖွယ်ရာ နေ့ရက်တခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
မိုဟာမက်အယ်လ်ဒါအိဖ်၊ ဟားမတ်စ် အယ်လ်ကာဆမ် တပ်မဟာမှူးက “ဒီကိစ္စကို အလ္လာအရှင် အကူအညီနဲ့ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါကြောင့် တာဝန်ခံမှု တာဝန်ယူမှု မရှိဘဲ ဖျက်ဆီးတိုက်ခိုက်လို့ရတဲ့ ခေတ်က ကုန်သွားပြီဆိုတာ ရန်သူဟာ နားလည်လာလိမ့်မယ်။ အယ်လ်-အက်ဆာ-လှိုင်း စစ်ဆင်ရေးစတင်ကြောင်း ကြေညာပါတယ်” လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း “အစ္စရေးပြည်သူများခင်ဗျား၊ ကျုပ်တို့ စစ်ဆင်ရေးလုပ်နေတာ မဟုတ်သလို တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ပါဘူး။ စစ်ဖြစ်နေပါပြီ။ ကျုပ်တို့ စစ်ဖြစ်နေပြီ” လို့ ပြောပါတယ်။
အဲဒီကစလို့ အစ္စရေးဟာ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေအတွက် ကြောက်စရာ နေ့ရက်ပေါင်းများစွာ လက်တုံ့ပြန် ဖန်တီးခဲ့ပါတော့တယ်။ စစ်ပွဲတနှစ်အတွင်း အရပ်သားအများစု အပါအဝင် ပါလက်စတိုင်းသား ၄၂,၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီးဖြစ်သလို ဂါဇာကမ်းမြောင်တခုလုံးလည်း ထောင်းလမောင်းကြေခဲ့ပြီ ဖြစ်ပါတယ်။
အခုအခါမှာတော့ စစ်ပွဲဟာ ပိုကျယ်ပြန့်လာပြီဖြစ်ပြီး ပိုဆိုး၊ ပိုကျယ်ပြန့်၊ ပိုနက်ရှိုင်း၊ ပိုပျက်စီးတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးတခုရဲ့ ဖြစ်လုဆဲဆဲ ချောက်နှုတ်ခမ်းပါးကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်က နောက်ခံပေးထား၊ လက်နက်ပေးထားတဲ့ အစ္စရေးကို သွားဆွပေးပြီး ကိုယ့်လူမျိုး ကိုယ်ဒုက္ခရောက်အောင် လုပ်ခဲ့တာဆိုတဲ့ စွပ်စွဲချက်ကို ဟားမတ်စ်ခေါင်းဆောင်တွေကတော့ လက်မခံပါဘူး။ သိမ်းပိုက်ခံထားရ၊ ပိတ်လှောင်ခံထားရပြီး နိုင်ငံထူထောင်ခွင့်မရအောင် လုပ်ထားတဲ့ အစ္စရေးကိုသာ အပြစ်တင်ခဲ့ကြပါတယ်။ အမေ့လျော့ခံ ပါလက်စတိုင်း ပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ကမ္ဘာက သတိမူမိဖို့နဲ့၊ ရန်သူတော် အစ္စရေး အထိနာဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟားမတ်စ်ကို စစ်ရေး၊ နိုင်ငံရေး အင်အားစုအဖြစ်က အမြစ်ဖြတ်ပြီး ဖမ်းသွားတဲ့ ဓားစာခံတွေ အကုန်ပြန်ခေါ်လာမယ်လို့ နေတန်ယာဟုက ကြွေးကြော်ပြီး ဒီစစ်ပွဲကို တိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တနှစ်ကြာတဲ့အထိ စစ်ပွဲမပြီးသလို ဓားစာခံ ၁၀၀ ကျော် မလွတ်မြောက်သေးဘဲ ကျန်ရှိနေပြီး အဲဒီထဲက အချို့တွေဆိုရင်လည်း သေဆုံးသွားပြီလို့ ယူဆရပါတယ်။
ဟားမတ်စ် ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ကိတ်သ်ဆီးဂဲလ်က “မနှစ်က ကျနော်တို့ အတူဆင်နွှဲခဲ့တဲ့ ဂျူးပွဲတော်အကြောင်း လှပတဲ့အမှတ်ရစရာတွေကို ပြန်သတိရမိပါတယ်။ ကျနော်တို့ မျှော်လင့်ထားသလို အံ့ဩစရာတွေ ဖြစ်လာမယ် မျှော်လင့်မိပါတယ်” လို့ ငိုနေရင်းနဲ့ ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ နောက်ထပ် ဓားစာခံအမျိုးသမီး အဗီဗာဆီးလ်ဂဲလ်က “ရှင်တို့တွေးကြည့်နိုင်သမျှ အရာရာကို ကျမတို့ဆီက ယူသွားတာ၊ ကျမတို့ကို ခံစားသိရှိခွင့်တောင် မပေးဘူး၊ စကားပြောခွင့်မပေးဘူး၊ ပွေ့ဖက်ခွင့်မပေးဘူး၊ မတ်တပ်တောင် ပေးမရပ်ဘူး။ လမ်းလည်း ပေးမလျှောက်ဘူး။ မြေအောက်မှာ အသက်ရှူဖို့ အောက်ဆီဂျင်တောင် မပေးတဲ့အခါရှိတယ်၊ အဲဒီအချိန်ဆို ကျမတို့ သေပြီလို့တောင် တွေးမိတာ” လို့ ပြောပါတယ်။
ဟားမတ်စ် အယ်လ်ကာဆမ်တပ်မဟာ ပြောခွင့်ရပုဂ္ဂိုလ် အဘူ အိုဘေဒါက “နေတန်ယာဟုနဲ့ သူ့ရဲ့ သွေးဆာနေတဲ့ အစိုးရက ခေါင်းမာနေဦးမယ်ဆိုရင်၊ ဓားစာခံလဲလှယ်ရေးမှာ အတားအဆီး လုပ်နေဦးမယ်ဆိုရင်၊ တကမ္ဘာလုံးက ကြည့်နေတဲ့အချိန်၊ ရာဖာက ဓားစာခံတွေ ကြုံခဲ့ရသလိုမျိုး တခြားဓားစာခံတွေလည်း ကြုံရမယ်မှတ်ပါ” လို့ ပြောပါတယ်။
ဓားစာခံမိသားစုတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ဟာ သူ့အာဏာ တည်မြဲရေးအတွက် အစိုးရအဖွဲ့ထဲက လက်ယာအစွန်းရောက်တွေ စိတ်ကျေနပ်စေဖို့ အပစ်ရပ်ရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောမတူဘဲ လိုက်ဖျက်နေတာလို့ စွပ်စွဲကြပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရဲလားကို သတ်ဖြတ်နိုင်ခဲ့အပြီးမှာ နေတန်ယာဟုအတွက် ထောက်ခံမှု တက်လာပေမဲ့ နိုင်ငံတွင်းမှာ နိုင်ငံရေးရန်သူတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၇ နောက်ပိုင်း ဂါဇာက ပါလက်စတိုင်းသားတွေရဲ့ အတိဒုက္ခနဲ့ ပတ်သက်လာရင် အများစုက အသည်းမာကုန်ကြပါပြီ။
နိုင်ငံတကာဖိအားကြောင့် ဂါဇာတခွင်လုံး ပိတ်ဆို့ထားမှုကို အထိုက်အလျောက် ဖြေလျှော့ပေးပေမဲ့ အငတ်ဘေးဆိုက်တဲ့အထိ ဖြစ်လာတာဟာ ငြင်းမရပါဘူး။ ဂါဇာက အဆောက်အအုံအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် လုံးဝပျက်စီးသွားပြီလို့လည်း ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြပါတယ်။
ပိုဆိုးတဲ့ကိစ္စကတော့ ဂါဇာဒေသခံတွေကို အစ္စရေးစစ်တပ် IDF က ဟိုနေရာကနေ ဒီနေရာ အကြိမ်ကြိမ်အလီလီ ရွှေ့ပြောင်းခိုင်းတာ ဖြစ်ပါတယ်။ ဂါဇာဒေသခံ ၂ သန်းကျော်မှာ အများစုက ၅ ခါ၊ ၆ ခါတော့ နေရာရွှေ့ခဲ့ရပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ IDF က ဂါဇာမြောက်ပိုင်းက ဒေသခံတွေကို တောင်ပိုင်းရွှေ့ခိုင်းပါတယ်။ အဲဒီနောက်ပိုင်း ရွှေ့ခိုင်းတဲ့ ကြေညာချက် အကြိမ် ၁၃၀ ကျော်ရှိခဲ့ပြီး ရွှေ့မိန့်နဲ့တွက်ရင် အမိန့် ၆၀ ကျော် ရှိခဲ့ပါတယ်။ ထပ်နေတဲ့ နယ်မြေတွေကို ထုတ်ပြီးတွက်လိုက်ရင် ဂါဇာကမ်းမြောင်တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ တချိန်မဟုတ် တချိန်မှာ ဖယ်ရှားခိုင်းတဲ့ နယ်မြေစာရင်းထဲ ပါနေတာ တွေ့ရပါတယ်။
ဒါ့အပြင် ဂါဇာတောင်ပိုင်းက အယ်လ်မာဝါဆီလို ကမ်းရိုးတန်းဧရိယာဆိုရင် လူသားချင်းစာနာမှု ဇုန်ထဲ ပါပေမဲ့ ဗုံးကြဲချင်တဲ့အခါကျ ကြဲတာပဲဆိုတာ တွေ့ရပါတယ်။
အစ္စရေးဟာ ဂျာနယ်လစ်တွေကို ဂါဇာမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မပေးထားပါဘူး။ ဒါဟာ ဘာလုပ်နေသလဲဆိုတာ မမြင်ချင်တဲ့သဘော ဆိုတာတော့ ရှင်းပါတယ်။
ဂါဇာဒေသခံ မူစတာဖာကာဆန်က “ကျနော်တို့ အရမ်းပင်ပန်းနေပြီ၊ ပိုက်ဆံလည်းမရှိတော့ဘူး၊ ဆေးလည်းမဝယ်နိုင်ဘူး၊ အကူအညီလည်း မရှိဘူး၊ တလ တခါလောက်တော့ စည်သွတ်ဘူးလေး ဘာလေးရတယ်၊ ကလေးတွေက ငယ်သေးတော့ သင့်တော်တာလေး စားရမှဖြစ်မှာ၊ ကျနော့်မှာ ကလေး ၇ ယောက်ရှိတယ်၊ ရွှေ့ရတာ ခြောက်ခါရှိပြီ၊ တနေရာပြီး တနေရာ” လို့ ပြောပါတယ်။
ကလေးမိခင် အယာဇူရော့ဘ်က “ကျမကလေးတွေက အခန်းနဲ့ဘာနဲ့ အိပ်ခဲ့ရတာ၊ ဘဝက တော်တော်အဆင်ပြေခဲ့တာပါ။ အခုတော့ သူတို့ဘဝတွေ ပျက်စီးသွားပြီ၊ သူတို့လေးတွေက မအေ၊ ဖအေဆီလာပြီး သူတို့ကြောက်တယ် ပြောကြတယ်၊ ချော့မော့စေချင်ကြတယ်၊ ကျမသားလေး မကြောက်အောင် ကျမ ဘယ်လိုလုပ်ရမလဲ၊ ကျမသားလေး ဗိုက်ဆာတဲ့အခါ ကျမဘယ်လိုကြွေးရမလဲ၊ အစာမရှိ၊ ရေမရှိ၊ ပိုက်ဆံမရှိ၊ ကလေးတွေက ဟိုကြည့်ဒီကြည့်နဲ့၊ ဘယ်သူ့ကို တောင်းဆိုရမှာလဲ” လို့ ပြောပါတယ်။
အုမ်ဟာမာဒါဒါရာဟမ်ကလည်း “ကျမတို့ ရာဖာကို ပြေးတယ်၊ အဲဒီကမှ အယ်လ်မာဝါဆီကို ပြေးတယ်၊ ပျက်စီးသွားတဲ့ ကျမတို့အိမ်တွေကို ကြည့်ဖို့ အယ်လ်မာဝါဆီက ပြန်လာတယ်၊ နေစရာ အိမ်၊ အမိုးအကာ မရှိဘူး၊ ကာစရာ မိုးကာ တာပေါ်လင်စတောင် ရှာမရဘူး၊ ဟိုက ရှာ၊ ဒီကရှာ ရတာလေးနဲ့ နေလို့ရအောင် လုပ်ထားရတယ်။ ရေရော လျှပ်စီးမီးရော မရှိဘူး၊ ရေပုံမှန်ရတဲ့ နေရာ ရှာရတာတောင် လနဲ့ချီကြာတယ်” လို့ ပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေနဲ့ လူသားဆန်မှု အနိမ့်ဆုံးစံနှုန်းကို လိုက်နာကြဖို့ ကုလသမဂ္ဂက တွင်တွင်ပြောနေပေမဲ့ အစ္စရေးရော ဟားမတ်စ်ဘက်ကပါ အလေးမထားတာကတော့ ထင်ရှားပါတယ်။
ဟားမတ်စ်က လူသားတံတိုင်းလုပ်နေတာလို့ အစ္စရေးဘက်က တုံ့ပြန်ထားသလို အောက်တိုဘာ ၇ တိုက်ခိုက်မှုကတည်းက စစ်ရေးပစ်မှတ်တွေပဲ တိုက်ခိုက်တာလို့ ဟားမတ်စ်ကလည်း တွင်တွင်ငြင်းထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကတော့ ဟားမတ်စ် စစ်ရေးခေါင်းဆောင် ဆင်ဟွာရော၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်ကိုပါ ဖမ်းဝရမ်းထုတ်ထားပါတယ်။
အစ္စရေးတွေအတွက်က ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုဟာ နာဇီဂျာမနီလက်ထက် ဂျူးတွေ ရှင်းလင်းခံရတဲ့ ဟိုလိုကော့စ် အဖြစ်ဆိုးကို ပြန်အမှတ်ရစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သေဆုံးတဲ့ အရေအတွက်ထက် ပိုပြီး တနိုင်ငံလုံးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှု ကြီးကြီးမားမား ရှိစေပါတယ်။
တဖက်မှာလည်း အစ္စရေးတွေအများစုရဲ့ အမြင်မှာ ဟားမတ်စ် ဆိုတာထက် ဂါဇာဒေသခံ အားလုံး၊ ပါလက်စတိုင်းအားလုံးဟာ အပြစ်ရှိသူတွေလို့ မြင်နေကြပြီလို့လည်း ပါလက်စတိုင်း အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတွေထဲမှာ ဩဇာအကြီးဆုံး ဆော်ဒီအာရေဗျက အစ္စရေးကို သံတမန်ရေးအရ အသိအမှတ်ပြုပေး၊ တဖက်မှာလည်း ပါလက်စတိုင်း လွတ်လပ်ရေးကို အစ္စရေးက ခွင့်ပြုပေး၊ အဲဒီအတွက် ဆော်ဒီကို အမေရိကန်က လုံခြုံရေးပံ့ပိုးဖို့ သဘောတူညီပေး ဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မဟာအပေးအယူကြီးကလည်း ရေစုန်မျောသွားခဲ့ပါတယ်။
အစ္စရေးရဲ့ ကိုယ့်ပြည်သူကိုယ် ကာကွယ်ပိုင်ခွင့်ကိုတော့ ဘယ်သူမှ သံသယမရှိပါဘူး။ အစ္စရေးက စစ်ရေးအရ သိမ်းပိုက်ထားပြီး သင့်လျော်တဲ့ လူအခွင့်အရေး မပေးဘဲ၊ လွတ်လပ်စွာ သွားလာခွင့် ပိတ်ထားသလို လွတ်လပ်ရေးပေးဖို့လည်း ငြင်းထားတဲ့ အနေအထားမှာ ပါလက်စတိုင်းတွေက ဒီအတိုင်း လည်စင်းခံပြီး အေးအေးဆေးဆေး နေကြမယ်လို့တော့ ဘယ်သူ့ကိုမှ အရူးလုပ်လို့ မရတော့ပါဘူး။
အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခဟာ အခုမှမဟုတ်ဘဲ မျိုးဆက်နဲ့ချီပြီး ဖြစ်ခဲ့ကြတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်လောက် ငြိမ်းချမ်းရေးနဲ့ ဝေးကွာလာအပြီးမှာတော့ ဘယ်မျိုးဆက်ကျမှ ငြိမ်းချမ်းရေးကို ပြန်အလှည့်ပေးမလဲဆိုတာ မသေချာတော့ပါဘူး။ အဲဒီလောက် အဝေးကြီးမကြည့်ဘဲ ဒီနှစ်လက်ကျန်လပိုင်းနဲ့ နောင်နှစ်အတွက်ကိုပဲ မျှော်ကြည့်ရင်လည်း မရေရာမှုနဲ့ အန္တရာယ်တွေနဲ့ပဲ ပြည့်နှက်နေပါတယ်။
ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီး လအတန်ကြာမှာပဲ စစ်ပွဲဟာ ပိုကျယ်ပြန့်လာမယ်၊ ပိုဆိုးလာမယ်လို့ စိုးရိမ်ခဲ့ကြတာပါ။ အစောပိုင်းမှာ ဒီစိုးရိမ်မှုက တဖြည်းဖြည်းချင်းပဲ ရုပ်လုံးပေါ်ခဲ့ပေမဲ့ မကြာသေးမီအချိန်မှာတော့ မြန်မြန်ဆန်ဆန် ပုံပေါ်လာပြီး အစ္စရေးက လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေကို အပြင်းအထန် တိုက်ခိုက်လာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတခုလုံး စစ်ကြီးဖြစ်ပြီလို့ ပြောမရသေးပေမဲ့ အီရန်ကိုယ်တိုင်ပါ ထိပ်တိုက်ပါဝင်ပတ်သက်မှု နှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့ အီရန်ဒုံးကျည်မိုးရွာမှုနဲ့ ပတ်သက်ပြီး အစ္စရေးက တရားဝင် လက်တုံ့မပြန်ရသေးပါဘူး။
အစ္စရေးဘက်က ရပ်တည်ပေးတာကလွဲရင် ဘာမှ သံတမန်ရေးအရ ရုပ်လုံးပေါ်အောင် လုပ်မပြနိုင်တဲ့ ဘိုင်ဒင်အစိုးရဆီကလည်း ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ထွက်ပေါက်မျိုးရဖို့ အများကြီး မျှော်လင့်ထားလို့ မရပါဘူး။
ဟားမတ်စ်ရဲ့ ရုတ်တရက်တိုက်ခိုက်မှုမှာတုန်းက အစ္စရေးအစိုးရ၊ စစ်တပ်နဲ့ ထောက်လှမ်းရေး အတွက် အရှက်ရစရာ ဖြစ်ခဲ့ရပေမဲ့ ဟစ်ဇ်ဘိုလာနဲ့ စစ်ပွဲမှာတော့ ကြောက်စရာ ကောင်းလောက်အောင် ကြိုတင်ပြင်ဆင်မှုကောင်းခဲ့ပြီး အောင်ပွဲတွေ ရထားပါတယ်။
ဒါပေမဲ့ အစ္စရေးဟာ နည်းဗျူဟာမြောက် အောင်ပွဲတွေပဲ ရထားတာဖြစ်ပါတယ်။ ရန်သူတွေရဲ့ အမူအကျင့်ကို ပြောင်းနိုင်မှ မဟာဗျူဟာအောင်ပွဲရတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်း နာလန်မထူတဲ့အထိ နှိပ်ကွပ်ခံနေရပေမဲ့ ပြန်ခံချနိုင်စွမ်းရှိနေဆဲ ဖြစ်ပါတယ်။ လေကြောင်းနဲ့ ထောက်လှမ်းရေးမှာ အစ္စရေးက အဆမတန် သာလွန်ပေမဲ့ လက်ဘနွန် တောင်ပိုင်းကို တင့်ကားတွေ၊ ခြေလျင်တပ်တွေ ကျူးကျော်တိုက်ခိုက်ရတာကတော့ မလွယ်ကူပါဘူး။
အီရန်က ဒုံးကျည်နဲ့ပစ်လိုက်၊ အစ္စရေးက လက်တုံ့ပြန်လိုက်နဲ့ အရှိန်ရလာရင် တခြားနိုင်ငံတွေပါ ဝင်လာမယ့် ပြဿနာလည်း ရှိနေပါတယ်။ အီရတ်မှာ အီရန် နောက်ခံပြုပေးထားတဲ့ စစ်သွေးကြွေတွေဟာ အမေရိကန် အကျိုးစီးပွားတွေကို တိုက်ခိုက်လာနိုင်ပါတယ်။
အစ္စရေးကို ပြောလည်းမရ၊ ထိန်းလည်းမရပေမဲ့ စစ်ပိုကျယ်လာပြီး အီရန်နဲ့ တကယ်တိုက်ရရင် အမေရိကန်က ပါကိုပါမှာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရဲလားကို ရှင်းလင်းအပြီးမှာ အမေရိကန်နဲ့ အစ္စရေးဆီမှာ ထင်ယောင်မှားမှု အသစ်တွေလည်း ရှိနေနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းကို အင်အားသုံး၊ ဥပဒေစိုးမိုးပြီး အစ္စရေးရန်သူတွေကို သင်းကွပ်ပစ်ဖို့အတွက် ဒီအချိန်ဟာ မျိုးဆက်တဆက်မှ တခါရခဲတဲ့ အခွင့်အလမ်းဆိုတဲ့ အန္တရာယ်ကြီးတဲ့ အိုင်ဒီယာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်ကုန် အမေရိကန် သမ္မတရွေးကောက်ပွဲ အပြီးမှာ သမ္မတဖြစ်လာသူမှာ ဒီလိုအမြင်မျိုး မရှိလာဘူး ပြောမရပါဘူး။
အရှေ့အလယ်ပိုင်းကို ပြန်ပုံသွင်းဖို့ အိုင်ဒီယာကို နောက်ဆုံး အကောင်အထည်ဖော်ခဲ့တာကတော့ ၉/၁၁ အကြမ်းဖက်ခံရအပြီးမှာ အာဖဂန်နဲ့ အီရတ်ကို အမေရိကန် ဦးဆောင် ဝင်ရောက်ခဲ့စဉ်က ဖြစ်ပါတယ်။ အခုဆိုရင် အာဖဂန်မှာ ဖြုတ်ချခဲ့တဲ့ တာလီဘန်တွေ အာဏာပြန်ရလာတာ၊ အီရတ်မှာ ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားခဲ့ပေမဲ့ အရှေ့အလယ်ပိုင်းက အစွန်းရောက် အကြမ်းဖက်ဝါဒကို မဖယ်ရှားနိုင်ဘဲ ပိုဆိုးလာတာတွေကတော့ သမိုင်းသင်ခန်းစာ ဖြစ်ပါတယ်။
ဒီစစ်ပွဲကြီးကို မကျယ်ပြန့်စေချင်ရင် ဂါဇာကပဲ ပြန်ရပ်တန့်မှ ရမှာဖြစ်ပါတယ်။ အခြေအနေတွေ ပြန်တည်ငြိမ်ဖို့နဲ့ သံတမန်ရေးလမ်းပွင့်ဖို့ဆိုရင် ဂါဇာမှာစတဲ့ စစ်ကို ဂါဇာမှာ ရပ်တန့်မှုနဲ့ပဲ ဆုံးခန်းတိုင်မှ ရပါလိမ့်မယ်။ အချိန်လွန်နေပြီဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကို အလှည့်မပေးနိုင်ရင်တော့ ပိုရှုပ်ထွေးတဲ့၊ ပိုဆိုးရွားတဲ့ စစ်ပွဲကြီးတွေနဲ့ နောက်ဆက်တွဲ ဂယက်တွေ၊ ပိုအားကောင်းလာမယ့် အမုန်းတရားတွေနဲ့ ပိုအစွန်းရောက်လာမယ့် အမြင်တွေကသာ ရလဒ်အဖြစ် စောင့်ကြိုနေမှာ ဖြစ်ပါတယ်ခင်ဗျာ။
အေဇက်
Source/ Photo: Reuters