မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာ ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ နေရာတွေကို တိုက်ခိုက်တော့မှာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ ၁ ပတ်အတွင်း ပြောင်းရွှေ့ကြဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အောက်တိုဘာ ၇ ရက်မှာ အသိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်တပ်က လင်းဇင်းရွာမှာရှိတဲ့ ရဲစခန်း အပါအဝင် ရွာထဲက တချို့နေရာတွေမှာ တပ်စွဲနေတာတွေ ရှိတယ်။ သူတို့က ရွာသားတွေကို လူသားဒိုင်းအနေနဲ့ လုပ်ထားတာ။ သူတို့တပ်စွဲနေတဲ့ လင်းဇင်းရွာဟာ ကျနော်တို့ စစ်ရေးဆိုင်ထားတဲ့အထဲမှာ ပါဝင်နေတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို မထိခိုက်စေချင်လို့ ကြိုတင်သတိပေးထုတ်ပြန်ရတာပါ” လို့ DVB ကို ပြောပါတယ်။
စလင်းမြို့နယ်အခြေစိုက် မင်းဘူးခရိုင် အမှတ် ၁ နဲ့ အမှတ် ၅ တပ်ရင်းတွေဟာ မင်းဘူးခရိုင်အတွင်း NUG အစိုးရရဲ့ ထိန်းချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေးအတွက် အခုကာလမှာ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“PDF တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာကို သိထားပြီးပါပြီ။ ဒါပေမဲ့ ကျနော်တို့ မိသားစုအနေနဲ့က ပြောင်းရွှေ့ပေးဖို့ဆိုတာ မခက်ခဲပေမဲ့ ခက်ခဲတဲ့မိသားစုတွေလည်း ရှိနေတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတာ အခုတရက် နှစ်ရက်အတွင်း ကျနော်တို့ရွာသားတွေ တိုင်ပင်ကြရဦးမှာ” လို့ အမည်မဖော်လိုတဲ့ လင်းဇင်းကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
လင်းဇင်းရဲစခန်းဟာ စလင်းမြို့နဲ့ ၁၃ မိုင်အကွာရှိ လင်းဇင်းကျေးရွာရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ရဲစခန်းတဝိုက် ကတုတ်ကျင်းတွေ တူးထားကာ စစ်ကောင်စီတပ်သားတွေ အခိုင်အမာ တပ်စွဲနေသလို ကျေးရွာထဲမှာလည်း ဘန်ကာတွေပြုလုပ်ကာ တပ်စွဲနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လင်းဇင်းရဲစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် ညနေမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျည်မလောက်တဲ့အတွက် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။