အာဂျင်တီးနားနိုင်ငံမှာ ဂန္ထဝင် ရော့ခ်ဂီတအဖွဲ့ ဘီးတဲလ်စ် (Beatles) ရဲ့ ပင်တိုင်အဆိုတော်ဖြစ်သူ ပေါလ် မက်ကာ့တ်နီဟာ တိုးဖျော်ဖြေပွဲ ၂ ခုထဲက တခုကို စတင်ခဲ့ပါတယ်။
ဗျူနိုအေးရိစ်မြို့တော် ရေးဗားပလိတ် အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီရှိုးပွဲအတွင်း “Can't Buy Me Love” သီချင်းနဲ့ စဖွင့်ခဲ့ပြီး မက်ကာ့တ်နီက အာဂျင်တီးနား ပရိသတ်တွေကို စပိန်ဘာသာစကားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဒီတောင်အမေရိကနိုင်ငံမှာ ဖျော်ဖြေပွဲ ၂ ခု စီစဉ်ထားတာဖြစ်ပြီး ဒုတိယမြောက်ပွဲကိုတော့ အောက်တိုဘာလကုန်ပိုင်း ကော်ဒိုဘာမြို့မှာ မက်ကာ့တ်နီက ဖျော်ဖြေသွားမှာပါ။
ဒါဟာ ၂၀၂၂ ကတည်းက စတင်ခဲ့တဲ့ မက်ကာ့တ်နီရဲ့ Got Back တိုး ဖျော်ဖြေမှုဖြစ်သလို ချီလီ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ ကော်စတာရီကာ စတဲ့ လက်တင်အမေရိက နိုင်ငံတွေကိုလည်း ခရီးနှင်ဖို့ ရှိနေပါတယ်။
လာမယ့် ဒီဇင်ဘာလမှာတော့ ပြင်သစ်၊ စပိန်နဲ့ ဗြိတိန်လိုမျိုး ဥရောပနိုင်ငံတွေဆီ Got Back တိုး ခရီးထပ်ဆက်ပြီး အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဒီတခေါက် နောက်ဆုံးဖြစ်နိုင်တဲ့ အသက် ၈၂ နှစ်အရွယ် ဗြိတိန်အဆိုကျော်ရဲ့ ဖျော်ဖြေပွဲမှာ အာဂျင်တီးနား ပရိသတ်တွေက သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်လောက်နိုင်ပါဘဲ ဆိုပြီး မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဂီတထုတ်လုပ်သူတယောက်ဖြစ်တဲ့ ဟွမ် ပါဘလို မန်ဒိုဇာ ကလည်း “ပေါလ်ဟာ ထိပ်တန်းအဆင့်မှာရှိပြီး မက်ဆီ၊ မာရာဒိုနာတို့နဲ့ တတန်းတည်းဖြစ်တယ်” လို့ ခိုင်နှိုင်း ပြောဆိုသွားပါတယ်။
Source-Reuters