Home
ဆောင်းပါး
မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးပေးရန် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ၏ ပျက်ကွက်ခဲ့မှု  
DVB
·
October 3, 2024

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နှစ်ထဲမှာပဲ ဖူမီယိုကီရှီဒါဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ကီရှီဒါ အစိုးရ လက်ထက်မှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုဟာ စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ကီရှီဒါဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ခေတ္တ ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း ထမ်းရွက်ခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ သူဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက် လည်ပတ်ခဲ့သလို မြန်မာအရပ်သားအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်း ပြည်တွင်းပြည်ပ နေရာအစုံမှာ အကြိမ်ပေါင်းများစွာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ မြန်မာပြည်သူတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးမှာ ဝန်ကြီးချုပ် ကီရှီဒါနဲ့ ဂျပန်နိုင်ငံထံကနေ ကူညီထောက်ပံ့မှုတွေ ပိုမိုရရှိနိုင်လိမ့်မယ်လို့  အားကိုးတကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဆိုသလို ဖြစ်ခဲ့ပြီး အထူးသဖြင့် အရင်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ယှဉ်ရင် ကီရှီဒါအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ရှင်ဇိုအာဘေး အာဏာပြန်ရလာပြီးနောက်ပိုင်း ဝန်ကြီးချုပ် အာဘေးဟာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးရာ အစီအစဉ်တရပ်ကို ရေးဆွဲခဲ့ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ထွန်းကားရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးနဲ့ လုံခြုံမှု တိုးမြင့်ရေး စတဲ့ အနှစ်သာရ တန်ဖိုးတွေအပေါ် အခြေခံတဲ့ အာဘေးရဲ့ သံတမန်ရေးဆိုင်ရာ ချဉ်းကပ်မှုပုံစံဟာ ဂျပန် နိုင်ငံခြားရေးမူဝါဒရဲ့ ပင်မကျောရိုးလို ဖြစ်လာခဲ့ပါတယ်။

အာဘေး အစိုးရဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖော်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြုင်ပြောင်းလဲရေး အစီအစဉ်ကို ထောက်ခံ အားပေးခဲ့သလို ကြွေးမြီ ဒေါ်လာ ၂ ဘီလီယံကိုလည်း ပယ်ဖျက်ပေးခဲ့ပြီး ကူညီထောက်ပံ့မှုတွေ ပိုမိုပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စက်မှုဇုန်တခုကိုလည်း တည်ထောင်ခဲ့ပါတယ်။

အာဘေး အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ကီရှီဒါဟာ ၂၀၁၆ ခုနှစ်မှာ အဲဒီအချိန်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးတွေ မြှင့်တင်သွားဖို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံနဲ့ညီမျှတဲ့ ယန်း ၈၀၀ ဘီလီယံကို ၅ နှစ်အတွင်း ထောက်ပံ့ပေးမယ်လို့ ကတိပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။  

အာဘေးဟာ ဒေသတွင်းမှာ ကျင်းပတဲ့ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ လွှမ်းမိုးမှုကို ဟန့်တားနိုင်ရေး ကြိုးပမ်းချက်တရပ်အနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ဆွေးနွေးခဲ့ပါတယ်။

အာဘေးရဲ့ ဒုတိယမြောက် ဝန်ကြီးချုပ်သက်တမ်းမှာလည်း တောင်နဲ့ အရှေ့တောင်အာရှ လမ်းဆုံလမ်းခွမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွင်းဆိုင်ရာ ပထဝီနိုင်ငံရေးအနေအထားနဲ့ ကာလကြာ နှစ်နိုင်ငံဆက်ဆံရေးကို အရင်းတည်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ တက်ကြွစွာနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်။

အာဘေးဟာ မြန်မာနိုင်ငံကို အင်ဒို-ပစိဖိတ် မဟာဗျူဟာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့နေရာအချို့မှာ အာဏာရှင်ဝါဒနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒတွေ မြင့်တက်လာချိန်မှာ အာဘေး ဟာ ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်သော ကုန်သွယ်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ တန်ဖိုးတွေအပေါ် အခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို ချဲ့ထွင် လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။

ကီရှီဒါရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကတော့ အာဘေးနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ပြီး ကီရှီဒါဟာ ချက်ချင်း လက်ငင်း အကျိုးပေးနိုင်တဲ့ ရလဒ်တွေကိုသာ အခြေခံတဲ့ လက်တွေ့ အကျိုးမျှော်ဝါဒကို ဦးစားပေးပုံဖော်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် ကီရှီဒါအစိုးရဟာ မြန်မာ့အရေးကို ပြည်တွင်းရေးအဖြစ်သာ ရှုမြင်ပြီး မြန်မာ့အကျပ်အတည်းမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုကို အဓိကအားဖြင့်  ရှောင်ရှားခဲ့ပါတယ်။

အနောက်နိုင်ငံတွေနဲ့ မတူတဲ့အချက်က ဂျပန်နိုင်ငံဟာ စစ်ကောင်စီအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ခြင်း မရှိတဲ့အပြင် နိုင်ငံရေးဖိအားပေးမှုထက် စီးပွားဆက်ဆံရေးကိုပဲ အလေးအနက်ထားခဲ့ပြီး စစ်ကောင်စီနဲ့အတူ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရှိ ဂျပန်စီးပွားရေးလုပ်ငန်းတွေအပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေရှိခဲ့ပြီး Eneos Holdings နဲ့ Kirin Holdings တို့လို ဂျပန်ကုမ္ပဏီကြီးတွေဟာ အဓိက စီမံကိန်းလုပ်ငန်းတွေကနေ ဆုတ်ခွာခဲ့ရပါတယ်။  

နောက်ပြီး ဂျပန်နိုင်ငံရဲ့ ငွေကြေးကူညီ ထောက်ပံ့မှုတွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကနေတဆင့် အများအားဖြင့် ထောက်ပံ့ခဲ့တာ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံဟာ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ ကြံရာပါနိုင်ငံများ ဖြစ်နေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်စေခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးအပ်ရာမှာလည်း အကန့်အသတ်နဲ့သာ ပေးအပ်ခဲ့ပြီး အကူအညီအများစုဟာ စစ်ဘေးဒဏ်သင့် ပြည်သူတွေနဲ့ ဒေသတွင်း နေရပ်စွန့်ခွာခဲ့ရသူတွေထံကို ရောက်ရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ လူသားချင်း စာနာမှုအကူအညီ ပေးအပ်ရေးမှာလည်း ဂျပန်ရဲ့ ကူညီထောက်ပံ့မှုဟာ အထူးသဖြင့် အာဘေးအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ လျော့နည်းခဲ့ပါတယ်။  

ဒုတိယကမ္ဘာစစ်ကာလ ကိုလိုနီပြု သိမ်းပိုက်ခဲ့မှုစလို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးပမ်းခဲ့တဲ့ ရှေ့ပြေး မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို စစ်ပညာသင်ပေးခဲ့မှုအဆုံး ဂျပန်နဲ့ မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးမှာ နောက်ခံ သမိုင်းကြောင်းတွေ ရှိနေတဲ့အတွက် ဝန်ကြီးချုပ် ကီရှီဒါဟာ မြန်မာ့အရေးမှာ သတိကြီးကြီးထားပြီး ချဉ်းကပ်ခဲ့ပုံရပါ တယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတွေ ကြီးထွားလာခဲ့ပေမဲ့ ကီရှီဒါအစိုးရလက်ထက် နိုင်ငံခြားရေးမူဝါဒဟာ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ရမယ့် ကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ပြီး ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ဦးထိပ်ထားခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ပင်လယ်ရေကြောင်း လုံခြုံရေးကိစ္စ အပါအဝင် ဒေသတွင်း တည်ငြိမ်ရေး၊ သံတမန်ရေးနဲ့ စီးပွားဆက်ဆံရေး စတဲ့ နယ်ပယ်တွေမှာလည်း ဟန်ချက်ညီရေးကိုသာ အလေးပေး လုပ်ဆောင်ခဲ့ပါတယ်။

တာဝန်ကနေ အနားယူရတော့မယ့် ဝန်ကြီးချုပ် ကီရှီဒါဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ရှင်သန်ရေးအတွက် ထောက်ခံအားပေးမှုအပိုင်းမှာ အာဘေးရဲ့ ခြေရာကို နင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီမိုကရေစီ လိုလားတဲ့ မြန်မာအဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာဟာလည်း အာဘေးနဲ့ ကီရှီဒါတို့ ခေါင်းဆောင်နှစ်ဦးကြား သိသာထင်ရှားတဲ့ ကွာခြားချက် ဖြစ်ပါတယ်။

အာရှဒေသအတွင်း ဒီမိုကရေစီ စံတန်ဖိုးတွေ မြှင့်တင်ရေးမှာ ဂျပန်နိုင်ငံအနေနဲ့ ဦးဆောင်အခန်းကဏ္ဍကနေ ဆောင်ရွက်သွားလိမ့်မယ်လို့ အမေရိကန်နဲ့ အခြား ဒီမိုကရေစီနိုင်ငံတွေက မျှော်လင့်ထားကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဂျပန် အပါအဝင် ဒီမိုကရေစီစနစ် ကျင့်သုံးကြတဲ့ အာရှနိုင်ငံ အတော်များများဟာ တရုတ်နဲ့ တခြားအာဏာရှင် ခေါင်းဆောင်တွေနဲ့အတူ ကုန်သွယ်ရေးနဲ့ စီးပွားဆက်ဆံရေးကိုပဲ ဦးစားပေးလုပ်ဆောင်ကြလျက် ရှိပါတယ်။

တချိန်တည်းမှာပဲ အာရှဒေသတဝန်း ဒီမိုကရေစီတန်ဖိုးတွေ ကျဆင်းလာမှုနဲ့ ဒီမိုကရေစီရေးရာ ကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု ကင်းမဲ့လာတဲ့ အချက်တွေဟာ ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာ့အရေးမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုတွေ မြင့်တက်လာစေဖို့ လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။

ကီရှီဒါရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ နောက်ဆုံး စာမျက်နှာကို ရောက်ရှိလာချိန်မှာ မြန်မာ့အရေးကတော့ အဖြေရှာမရတဲ့ ပုစ္ဆာတပုဒ်လို ဆက်ရှိနေပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ နောက်တက်လာမယ့် ဝန်ကြီးချုပ်သစ်အနေနဲ့ အာဏာရှင်စနစ် လွှမ်းမိုးလာမှုကို တုံ့ပြန်နိုင်ဖို့နဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည် ကျင့်သုံးနိုင်ဖို့အတွက် အထူးသဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေး လုပ်ငန်းစဉ်မှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားဖို့ တကယ့်ကို အရေးကြီးလှပါတယ်။

ဆောင်းပါးရှင်- John S. Thang

ဘာသာပြန် - ရာစုသစ်

Ref: The Japan Times

Photo- Reuters( The Japan Times သတင်းစာမှာ ဆောင်းပါးရှင် John S. Thang ရေးသားထားသည့်   “ Kishida’s failure to support democracy in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024