ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးစီးပြိုင်ပွဲမှာ စလိုဗေးနီးယားနိုင်ငံသား တာဒေ့ဂျ်ပိုဂါချာက ၃၄ စက္ကန့်အသာနဲ့ ပန်းဝင်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ပိုဂါချာက တိုးဒီဖရန့်စ်၊ ဂျီရိုဒီတာလီယာနဲ့ ကမ္ဘာ့ချန်ပီယံဆုကိုပါ တနှစ်အတွင်း အရယူနိုင်ခဲ့တဲ့ သုံးထပ်ကွမ်းဆုရှင်ဖြစ်လာခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ အိုင်ယာလန်ဂန္တဝင် စက်ဘီးသမား စတီဖင်-ရို့ချ်နဲ့ ၂၀၂၂ ခုနှစ်မှာ အမျိုးသမီးစက်ဘီးစီးမယ် ဗန်-ဗလူတန်တို့ပြီးရင် ဒါမျိုးစွမ်းဆောင်နိုင်ခဲ့တာ ပိုဂါချာသာရှိပါတယ်။
အသက် ၂၆ နှစ်အရွယ် ဒီစက်ဘီးစီးသမားက ၂၇၃ ဒသမ ၉ ကီလိုမီတာ ရှည်လျားတဲ့ပြိုင်ပွဲရဲ့ ကီလိုမီတာ ၁၀၀ အရောက်မှာ ပြိုင်ဘက်တွေကို အငိုက်ဖမ်းရင်း ကျော်တက်ခဲ့တာပါ။
ဒါ့အပြင် လက်ရှိအိုလံပစ်ချန်ပီယံရမ်ကို အီဗန်နပူးလ်နဲ့ ကမ္ဘာ့ချန်ပီယံဟောင်း မက်သယူး ဗန်ဒါပူးလ်ကိုပါ ပိုဂါချာက နောက်ကောက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲအတွင်း ပိုဂါချာဟာ ၆ နာရီ၊ ၂၇ မိနစ်၊ ၃၀ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့ပြီး ဩစတြေးလျစက်ဘီးသမား ဘန်-အိုကော်နာနဲ့ နယ်သာလန်နိုင်ငံသား ဗန်ဒါပူးလ်တို့ကတော့ ငွေနဲ့ကြေး တံဆိပ်ဆုကိုသာ အသီးသီး ရရှိခဲ့ပါတယ်။
“ဒီကနေ့အတွက် ကျနော်ကိုယ်တိုင်ရော အသင်းကိုပါ ဖိအားများစွာပေးခဲ့ပါတယ်။ အခုလိုမျိုး အောင်ပွဲရဖို့အတွက်ပဲ ဒီကိုလာခဲ့တာပါ”လို့ တိုးဒီဖရန့်စ် ချန်ပီယံ ၃ ဆုရှင်က ပြောကြားသွားပါတယ်။