Home
မြန်မာသတင်း
သေဒဏ်ကျ နိုင်ငံရေးလှုပ်ရှားသူများကို ကြိုးပေးကွပ်မျက်မည့်သတင်း အတည်မပြုနိုင်
DVB
·
September 24, 2024

သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်တွင်း ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပြည်သူတွေနဲ့ နိုင်ငံတကာက စိုးရိမ်နေပြီး နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေကတော့  အတည်မပြုနိုင်သေးဘူးလို့  ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်နဲ့တခြားသော အကျဉ်းထောင်တွေမှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတချို့ကို စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ရက်မှာ ကြိုးပေးနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၂၄ ရက် ဒီနေ့ နေ့လယ် အချိန်ထိ ကြိုးပေးကွပ်မျက်မှုဖြစ်စဉ်တွေ မရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DVB ကို ပြောပါတယ်။

“မနေ့က သတင်းလုံးဝမဖြစ်ခဲ့ဘူးဆိုတာ ကျနော်ပြောနိုင်ပါတယ်။ နောက်တခုက ဒီနေ့မှာလည်း ဒီလိုဖြစ်စဉ်တွေ မဖြစ်သေးဘူးဆိုတာလည်း ကျနော်ပြောနိုင်ပါတယ်။ လက်ရှိအခြေအနေထိ ပေါ့နော်၊ ထွက်ပေါ်နေတဲ့ သတင်းတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီကိုထောက်ခံတဲ့ လူတွေရဲ့ ရည်ရွယ်ချက်ရှိရှိကိုမှဖြန့်ဝေနေတဲ့သတင်းတွေလို့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ပြောချင်ပါတယ်။ သတင်းမှန်ကန်မှုမရှိဘဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေခြင်းဟာ ကျနော်တို့အကျဉ်းထောင်တွေထဲ အကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ကို စိုးရိမ်ပူပန်မှု တွေဖြစ်စေတယ်။ ဒါ့အပြင် အကျဉ်း‌ထောင်ပြင်ပက သေဒဏ်ကျခံထားရတဲ့ နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေဟာလည်း ဒီလိုစိုးရိမ်ပူပန်စိတ်တွေနဲ့နေ့စဉ်ရှင်သန်နေကြရပါတယ်။ ဒီလိုသတင်းအတည်မပြုနိုင်တဲ့အချက်အလက်တွေကို မမျှဝေကြဖို့အဓိက ပြောချင်ပါတယ်။ စစ်ကောင်စီကို ကျနော်တို့အနေနဲ့က လုပ်ပါတယ်၊ မလုပ်ပါဘူးလို့ ပြောနိုင်တဲ့ လယ်ဗယ်မှာတော့မ ရှိဘူးပေါ့။ နောက်ပိုင်းမှာ မဖြစ်လာဘူးလားဆိုတာတော့ မပြောနိုင်ပေမဲ့ အခု ကြားနေရတဲ့သတင်းတွေက မဟုတ်ဘူးဆိုတာတော့ပြောနိုင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို ကြိုးပေးကွက်မျက်စီရင်မယ့်သတင်းက ဘယ်ကနေ စတင်ထွက်ပေါ်လာတယ်ဆိုတာ အတည်မပြုနိုင်ပေမဲ့ အင်းစိန်ထောင်တွင်း ကြိုးစင်သန့်ရှင်းရေး လုပ်တာ၊ ကန်တော့ပွဲ ပေးတာမျိုးတွေ လုပ်ဆောင်နေတာ မှန်ကန်ကြောင်းနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နေသလို  စက်တင်ဘာ ၂၄ ရက်မှာ စီရင်မယ် ဆိုတာမျိုးကိုတော့ မသိရှိရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ဥက္ကဋ္ဌ ကိုပီတာက ပြောပါတယ်၊

စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) မှ ကိုနန်းလင်းကတော့ ကြိုးပေးကွပ်မျက်မဲ့သတင်းတွေဟာ ဖြစ်နိုင်ကြောင်းနဲ့ ဒီအခြေအနေတွေအပေါ် စိတ်ပူကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ဖြစ်နိုင်တယ်လို့ တွက်ပါတယ် အစ်မ။ ထောင်ထဲမှာ လုံခြုံရေးတင်းကျပ်တာ၊ ပွဲပေးတာ၊ ထောင်ပြောင်းတာတွေ ဒီအနေအထားတွေက စိတ်ပူစရာကောင်းပါတယ်။"

နိုင်ငံတကာ သတင်းတချို့မှာတော့ စက်တင်ဘာ ၂၃ ရက်မှာ သေဒဏ်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုကောင်းထက်နဲ့ ဇနီးဖြစ်သူ မချမ်းမြေ့သူတို့ကို ကြိုးပေးကွပ်မျက်ခဲ့ပြီး သေဒဏ်ချ မှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ ပထမဆုံးကြိုးပေးကွပ်မျက်ခံရတဲ့ အမျိုးသမီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးမိန့်ပေးစီရင်တာက တရားဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ လုပ်ဆောင်တာဖြစ်တဲ့အတွက် ကုလလူ့ အခွင့်အရေးကောင်စီမှာ ဆွေးနွေးနေပြီး တခြားသေ ာလူ့အခွင့်အရေးအဖွဲ့တွေကလည်း စောင့်ကြည့် တောင်းဆိုနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကနေသိရပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သေဒဏ်ကို လွယ်လွယ်ကျင့်သုံးနေတာက ထောင်တွင်းလူသတ်မှု ကျူးလွန်နေတာလို့ ပြောပါတယ်။

“ဒါတွေက ဖြစ်ခဲ့တာရှိပေမဲ့ အခုချိန်ထိကတော့ သတင်းပဲ ကြားနေတာပဲရှိတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်တပ်လို လုပ်ချင်တာလုပ်တဲ့ ဘာမှဂုဏ်သိက္ခာ စည်းမျဉ်းစည်းကမ်းမသိတဲ့သူက ကျူးလွန်ချင်လည်း ကျူးလွန်နိုင်တဲ့ အနေအထားရှိတယ်။ သူတို့ရဲ့ တရားရုံးကနေ မခိုင်မမာ ဆုံးဖြတ်၊ လိုအပ်သလို လိုချင်သလို အမိန့်တွေချမှတ်ပြီး လုပ်ဆောင်နေတဲ့ဟာတွေအကုန်လုံးက နောက်ထပ် ထောင်တွင်းလူသတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ သေဒဏ်ကို ကျင့်သုံးခွင့်မရှိတဲ့ အကြမ်းဖက်စစ်တပ်က သေဒဏ်ကို အခုလို လွယ်လွယ်နဲ့ကျင့်သုံး နေတာ သေဒဏ်ကျင့်သုံးတာမဟုတ်ဘူးဗျ၊ ထောင်တွင်းလူသတ်မှူပဲ ဖြစ်တယ်။”

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ထောင်တွင်း သေဒဏ်ပေးမယ့် သတင်းတွေကို အနီးကပ်စောင့်ကြည့်နေပြီး တရားမျှတမှုမရှိတဲ့ စီရင်မှုဖြစ်ပြီး သေဒဏ်ချမှတ် ကွပ်မျက်မယ်ဆိုရင် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်းကို စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

“အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ် ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ်စောင့်ကြည့်နေသည်။ တရားမျှတသော အမှုစစ်ဆေး စီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိသည်။ ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်၊ သေဒဏ်ချမှတ်ပြီး ကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်သည်။”

စစ်ကောင်စီက စစ်ပွဲအတွင်း ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ပဲ၊ သေဒဏ်ချမှတ်စီရင်တာဟာ လူသားတစ်ဦးချင်းစီတိုင်းရဲ့ မွေးရာပါရပိုင်ခွင့်တရပ်ဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီရဲ့ တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှုတွေကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး ချက်ချင်း ရပ်တန့်ဖို့လည်းတောင်းဆိုလိုက်ပါတယ်။ 

ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆုံးဖြတ်ချက်တွေဥို တာဝန်ခံလျက် အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးအေး ရက်စက်ယုတ်မာစွာ သတ်ဖြတ်တဲ့ ရာဇဝတ်မှုကျူးလွန်နေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ လည်း NUCC က တိုက်တွန်းထားပါတယ်။

ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရသူတွေကို ကြိုးပေးကွပ်မျက်တာမလုပ်ဖို့နဲ့ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း စက်တင်ဘာ ၂၀ ရက်မှာ  ထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ကြိုးပေးကွပ်မျက်တဲ့သတင်းကို မကြားသေးဘူး” လို့ BBC မီဒီယာကို ပြောကြားထားတာရှိပါတယ်။

သတင်းထွက်ပေါ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကတော့ ၂၀၂၁ ခု ဩဂုတ် ၁၄ ရက်တုန်းက မြို့ပတ်ရထားပေါ်မှာ ရထားရဲတွေကို တိုက်ခိုက်ခဲ့မှုနဲ့ ၂၀၂၁ ခု စက်တင်ဘာလထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းအထူးတရားရုံးက ၂၀၂၃ ခု မေလမှာ သေဒဏ်အသီးသီး ချမှတ်ခဲ့တဲ့  ကိုကောင်းပြည့်စုံဦး၊ ကိုကျော် ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ဖြစ်ပါတယ်။ 

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024