ကလေးသူငယ်တွေအပေါ် အလွဲသုံးစားပြုမှု အပါအဝင် စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ အစ္စလာမ္မစ် စီးပွားရေးအုပ်စု (GISB) နဲ့ အချိတ်အဆက်ရှိတဲ့ စုစုပေါင်းဒေါ်လာ ၁၃၀,၀၀၀ ကျော်ရှိတဲ့ ဘဏ်စာရင်းတွေကို မလေးရှားအာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ကြောင်း မလေးရှား ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
အစ္စလာမ္မစ်လုပ်ငန်းစု ဂလိုဘယ် အီခွမ် ဝန်ဆောင်မှုနဲ့ စီးပွားရေးဦးပိုင်က လည်ပတ် လုပ်ကိုင်နေတဲ့ ပရဟိတဂေဟာတွေက ကလေးပေါင်း ၄၀၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီးနောက်မှာ အဲဒီ GISB လုပ်ငန်းစုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ကလေးသူငယ်တွေကို အလွဲသုံးစားပြုမှုနဲ့ လျစ်လျူရှုမှု၊ ငွေကြေးခဝါချမှု၊ လိမ်လည်မှုနဲ့ ဘာသာရေးဆိုင်ရာ ပြစ်မှုတွေ ပါဝင်ပါတယ်။
တန်ဖိုးအားဖြင့် မလေးရှားရင်းဂစ် ၅၈၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ကျော်) ရှိတဲ့ GISB နဲ့ ချိတ်ဆက်နေတဲ့ ဘဏ်အကောင့် ၉၆ ခုကို လက်ရှိအနေအထားအတိုင်း ထိန်းချုပ်ထားပြီးတော့ အကောင့် ၄ ခုကို ပိတ်ပစ်ခဲ့ကြောင်းလည်း ဆိုပါတယ်။
အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေတွေအောက်မှာ အကောင့်တွေကို ပိတ်ထားတာဖြစ်ကြောင်း ရာဇာရူဒင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ကုမ္ပဏီပိုင်မော်တော်ယာဉ် ၈ စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စီးနင်းမှုတွေမှာ ရဲတပ်ဖွဲ့ဟာ ပရဟိတဂေဟာတွေက ကလေးတွေနဲ့ လူငယ် ၄၀၂ ယောက်ကို ကယ်တင်ခဲ့တာဖြစ်ပြီး သူတို့ကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သူတို့ထဲက အများအပြားဟာ လိင်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်ခံရတဲ့ ဒဏ်ရာသစ်၊ ဒဏ်ရာဟောင်းတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုနဲ့ ကြုံလှီသေးကွေးမှုတွေကို ခံစားနေရတာကို တွေ့ရှိခဲ့ကြပါတယ်။
ကလေး ၁၃ ယောက်ဟာလည်း ဓမ္မတာနဲ့ဆန့်ကျင်ပြီး ကျူးလွန်ခံထားရတာကို တွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အာဏာပိုင်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်အရ အသက် ၁ နှစ်မှ ၁၀ နှစ်အရွယ်အထိ ကလေးသူငယ် စုစုပေါင်း ၁၄၉ ယောက်ကို ရပ်ရွာလူမှုဖူလုံရေးအသင်းက ယာယီစောင့်ရှောက်မှုဂေဟာတွေဆီ ပို့ဆောင်ပေးထားတယ်လို့လည်း မလေးရှားရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က ပြောကြားခဲ့ပါတယ်။
Source-Reuters