ကျူးဘားကွန်မြူနစ်အစိုးရဟာ စက်တင်ဘာ ၁၆ ရက်မှာ နေ့စဉ် ထောက်ပံ့နေတဲ့ ပေါင်မုန့် အလေးချိန်ရဲ့ ၄ ပုံ ၁ ပုံကို လျှော့ချ ဖြတ်တောက်လိုက်ပြီး ဒါဟာ သွားလေသူ ဖီဒယ်လ် ကက်စ်ထရို ဖန်တီးခဲ့တဲ့ ၁၀ စုနှစ်ချီ သက်တမ်းရှိ ထောက်ပံ့ကူညီမှု အစီအစဉ်ကို ပျက်သွားစေတဲ့ နောက်ဆုံးပြတ်လပ်မှု ဖြစ်ပါတယ်။
ကျူးဘားရှိ လက်တဆုပ်စာ ထောက်ပံ့နေဆဲ အခြေခံစားသောက်ကုန်တွေထဲက တခုဖြစ်တဲ့ ပေါင်မုန့်ကို ၈၀ ဂရမ်မှ ၆၀ ဂရမ် သို့မဟုတ် ကွတ်ကီး သို့မဟုတ် ဆပ်ပြာတုံး အသေးတခဲရဲ့ ပျမ်းမျှအလေးချိန်ကို လျှော့ချမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းကိုလည်း ၁ ပီဆိုအောက်ကို အနည်းငယ် လျှော့ချခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကျူးဘားနိုင်ငံဟာ ပေါင်မုန့်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဂျုံမှုန့်တွေ နည်းပါးသွားကြောင်း ပြောကြားခဲ့ပြီး ဒီခက်ခဲမှုဟာ ကျူးဘားရဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုတွေကို ရှုပ်ထွေးစေတဲ့ အမေရိကန် ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် ဆိုပြီး ကျူးဘားအစိုးရက အပြစ်တင်ထားပါတယ်။
စီးပွားရေးပိတ်ဆို့ထားမှုကြောင့် ကုန်ပစ္စည်းပေးသွင်းသူတွေဆီ အချိန်မီ ပေးချေလို့ မရကြောင်းနဲ့ စာချုပ် ချုပ်ဆိုရေး လုပ်ငန်းစဉ်တွေအတွင်းမှာ မတူညီတဲ့ ငွေပေးချေမှုနည်းလမ်း အမျိုးအစားတွေကို သဘောတူထားရတယ်လို့ ကျူးဘား ဂျုံကြိတ်ခွဲစက်ရုံမှ ကူးသန်းရောင်းဝယ်ရေး ဒါရိုက်တာ ဇေလီပီရက်ဇ်က ပြောပါတယ်။
“အခုအချိန်မှာ နိုင်ငံရဲ့ ဂျုံစက်တွေမှာ ဂျုံမှုန့်ထုတ်လုပ်ဖို့အတွက် ဂျုံကိုဝယ်ဖို့တောင် ရန်ပုံငွေ မရှိပါဘူး” လို့ အစားအစာ စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ အနေရာ ကက်ဘရီရာက ပြောပါတယ်။
ကျူးဘားနိုင်ငံသားတွေက သူတို့သတ်မှတ်ထားတဲ့ ၈၀ ဂရမ်ဆိုတဲ့ အလေးချိန်ကို ဘယ်တုန်းကမှ အပြည့်အဝ မရခဲ့ကြဘဲ အရည်အသွေးကလည်း ဆိုးရွားညံ့ဖျင်းလှကြောင်း ပြောပါတယ်။
အစိုးရပိုင် မုန့်ဆိုင်မှာ မဝယ်ဘဲ လမ်းဘေးမှာရောင်းတဲ့ ဈေးသည်တွေဆီကနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ SME လို့ခေါ်တဲ့ ကော်ဖီဆိုင်တွေမှာ အရည်အသွေးကောင်းတဲ့ ပေါင်မုန့်တွေပဲ ဝယ်လိုက်တယ်လို့လည်း ဆိုပါတယ်။
ကျူးဘားကျွန်းသားတွေအကြားမှာ လူသိများတဲ့ လီဘရေ့တ် ခေါ် ရိက္ခာစာအုပ်ဟာ တချိန်တုန်းက ဖီဒယ်လ်ကက်စ်ထရိုရဲ့ ၁၉၅၉ တော်လှန်ရေးရဲ့ အမှတ်အသားတခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကျူးဘားပြည်သူ အားလုံးအတွက် အထူးလျှော့စျေးပေးတဲ့ ထုတ်ကုန်များစွာကို ပေးအပ်ခြင်း၊ မုန့်၊ ငါး၊ အသား၊ နို့နဲ့ သန့်ရှင်းရေးနဲ့ အိမ်သာသုံးပစ္စည်းတွေ ပါဝင်ပါတယ်။
ဒီနေ့ခေတ်မှာတော့ အကျပ်အတည်းဒဏ် ခံနေရတဲ့ အစိုးရဟာ အဲဒီကုန်ပစ္စည်းတွေရဲ့ အတိုအထွာ ပမာဏလောက်သာ ပေးကမ်းခဲ့ပြီး မကြာခဏဆိုသလို ပစ္စည်းပေးမှုက နောက်ကျနေတဲ့အပြင် အရည်အသွေးကလည်း ဆိုးရွားညံ့ဖျင်းတယ်လို့ ကျူးဘားဒေသခံတွေက ပြောပါတယ်။
Source-Reuters