ချစ်သူဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ အသတ်ခံခဲ့ရတဲ့ ယူဂန္ဓာနိုင်ငံက အိုလံပစ်အပြေးမယ် ရေဘက္ကာ ချက်ပ်တီဂေးရဲ့ ဈာပနကို စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။
ကင်ညာနိုင်ငံနယ်စပ်က မြို့ငယ်လေးတမြို့မှာ သူ့ဈာပနကို စစ်ဘက်ဆိုင်ရာအခမ်းအနားတွေနဲ့ သေနတ်ပစ်ဖောက်ပြီး တခမ်းတနားကျင်းပခဲ့တာပါ။
ချက်ပ်တီဂေးဟာ ယူဂန္ဓာတပ်မတော်မှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့အတွက် တိုက်ပွဲဝင် ကျဆုံးသူတယောက်လို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ ရှိပြီဖြစ်တဲ့ အပြေးမယ်ဟာ အိမ်နီးချင်း ကင်ညာမှာရှိတဲ့ သူတို့အိမ်မှာ စက်တင်ဘာ ၃ ရက်က အတူနေချစ်သူ ဖြစ်သူရဲ့ ဓာတ်ဆီလောင်း မီးရှို့တိုက်ခိုက်ခံခဲ့ရတာကြောင့် ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပါတယ်။
ကင်ညာမှာ ချက်ပ်တီဂေး ဝယ်ထားတဲ့ မြေကိစ္စ အချင်းများအပြီးမှာ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ ဖြစ်ပြီး သတ်ဖြတ်သူကိုယ်တိုင်လည်း ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်း မီးလောင်ပြီးနောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ယူဂန္ဓာအားကစားသမား အများအပြားဟာ အားကစားပစ္စည်းကိရိယာ အထောက်အပံ့ စုံလင်တဲ့ အိမ်နီးချင်း ကင်ညာမှာပဲ နေထိုင်၊ လေ့ကျင့်လေ့ရှိပါတယ်။
ချက်ပ်တီဂေးဟာ ကင်ညာမှာ ချစ်သူဖြစ်သူ သတ်တာခံရတဲ့ စတုတ္ထမြောက် အမျိုးသမီး အားကစားသမား ဖြစ်လာပါတယ်။
ယူဂန္ဓာနဲ့ ကင်ညာလိုနိုင်ငံတွေမှာ အိုလံပစ်ပြိုင်ပွဲဝင်အဆင့်ရှိတဲ့ အားကစားသမားတွေဟာ ဝင်ငွေကောင်းသူတွေအဖြစ် ရှုမြင်ခံရပြီး တဖက်မှာလည်း ကင်ညာမှာ အတူနေတာဖြစ်ဖြစ်၊ လက်ထပ်ထားတာဖြစ်ဖြစ် အမျိုးသမီး ၁၀ ယောက်မှာ ၄ ယောက်ဟာ ခင်ပွန်း ဒါမှမဟုတ် ချစ်သူရဲ့ အကြမ်းဖက်အနိုင်ကျင့်ခံရလေ့ရှိတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
Source-Reuters