Home
မြန်မာသတင်း
မြန်မာလူကုန်ကူးဂိုဏ်းနှင့် ဆက်နွှယ်နေသည့် မလေးရှားဒုဝန်ကြီးဟောင်း စစ်ဆေးခံရ
DVB
·
September 3, 2024

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းနဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုပြီး မလေးရှား ဒုတိယဝန်ကြီးဟောင်း မာရှီတာအီဘရာဟင်မ်ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုတယ်လို့  The Straits Times စင်ကာပူသတင်းစာမှာ ဖော်ပြပါတယ်။

ဒုဝန်ကြီးဟောင်းဟာ မြန်မာနိုင်ငံကို အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သွားလာခဲ့တာကိုလည်း အတည်ပြုနိုင်ခဲ့ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CID) ဒါရိုက်တာ မိုဟာမက်ဇိန်းကတော့ ဒေါက်တာ မာရှီတာ အီဘရာဟင်မ်ကို လူကုန်ကူးမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့  ပြောပါတယ်။

ဒါ့အပြင် CID အနေနဲ့ မြန်မာနိုင်ငံက လူကုန်ကူးမှုကိစ္စတွေမှာ မလေးရှားနိုင်ငံသားတွေ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်  စုံစမ်းစစ်ဆေးဖို့ သတင်းအချက်အလက်တွေ စုဆောင်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်နေသူတွေ တယောက်ချင်းရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်း ရယူသွားမယ့်အပြင် လတ်တလောမှာတော့ ဒေါက်တာ မာရှီတာ အပါအဝင် ၅ ယောက်ရဲ့ ထွက်ဆိုချက်တွေကို ရဲတပ်ဖွဲ့က ရယူပြီးဖြစ်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့် လိမ်လည်မှုနဲ့ ဆက်စပ်လေ့ရှိတဲ့ နိုင်ငံရပ်ခြားက အလုပ်ကမ်းလှမ်းချက်တွေကို ပိုသတိထားဖို့ ကျနော်တို့ အကြံပြုထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန သို့မဟုတ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတွေကတဆင့် ကမ်းလှမ်းချက်တွေ တရားဝင်လမ်းကြောင်းတွေကတဆင့် စစ်ဆေးအတည်ပြုကြဖို့ပါ။”

မလေးရှား ဒုဝန်ကြီးဟောင်းဟာ မြန်မာနိုင်ငံမှာ လည်ပတ်တဲ့ နိုင်ငံတကာ လူကုန်ကူးဂိုဏ်းတခုနဲ့ ဆက်နွှယ်ပတ်သက်နေကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း (MHO) အထွေထွေအတွင်းရေးမှူး ဟစ်ရှာမူဒင် ဟာရှင်က အဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကုမ္ပဏီတခုမှာ အကြီးတန်းအရာရှိတွေအဖြစ် အဓိကရာထူးတွေကို ထမ်းဆောင်ခဲ့ပြီး ဒီကိစ္စတွေမှာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကတည်းက ပါဝင်ပတ်သက်နေတယ်လို့ ယူဆရကြောင်း ပြောပါတယ်။

မကြာသေးခင်က ယူကျု့ဘ်မှာ နာမည်ကြီး ပျံ့နှံ့သွားခဲ့တဲ့ ဗွီဒီယိုကလစ်မှာတော့ မြန်မာလူ ကုန်ကူးဂိုဏ်းတွေထဲ အဓမ္မလုပ်အားပေးခိုင်းစေခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ကိုယ်တွင်းအင်္ဂါ ကုန်ကူးခံရတာ လူသတ်မှုတွေအပါအဝင် လူကုန်ကူးမှုလုပ်ငန်းတွေထဲ  အင်ဒိုနီးရှားနိုင်ငံသား အများအပြား သားကောင်ဖြစ်ခဲ့ရတာကို မီးမောင်းထိုးပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း အင်ဒိုနီးရှားက ဘလော့ဂါတယောက်ရဲ့ ပြောကြားချက်ကို  မှတ်တမ်းတင်သွားမှာဖြစ်ကာ သူက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ရှိနေတဲ့အတွက် အွန်လိုင်းက ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Source: The Straits Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024