Home
မြန်မာသတင်း
မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းသို့ ရောင်းစားခံရသည့် အိန္ဒိယလူငယ် ၈ ဦး လွတ်မြောက်
DVB
·
August 30, 2024
Photo Crd-News18

မြန်မာနိုင်ငံတွင်း ကျားဖြန့်  အွန်လိုင်းလိမ်လည် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတခုဆီ ရောင်းစားခံခဲ့ရတဲ့ အိန္ဒိယလူငယ် ၈ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ News18 သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ လူငယ်တွေဟာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေရဲ့ လစာကောင်းကောင်း အလုပ်ရမယ်ဆိုတဲ့ ဖြားယောင်းသွေးဆောင်မှုတွေကြောင့် ထိုင်းကနေတဆင့် ရောင်းစားခံခဲ့ရတာဖြစ်ပြီး မကြာ သေးခင်ကမှ အိန္ဒိယအစိုးရရဲ့ ကယ်တင်မှုနဲ့ ပြန်လွတ်မြောက်လာခဲ့တာပါ။

လိမ်လည်လှည့်ဖြားခံရတဲ့ လူငယ် တဦးဖြစ်တဲ့ အသက် ၂၄ နှစ် အရွယ် ဗီဒ်ဟန် ဂေါ်တမ်ကို News18 သတင်းဌာနက မေးမြန်းရာမှာတော့ ပြီးခဲ့တဲ့ မေလတုန်းက သူနဲ့ တခြားလူငယ် ၅ ယောက်ဟာ ကွန်ပြူတာလုပ်ငန်းဆိုင်ရာ ဒီပလိုမာရရှိထားကြတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ် အတွက် အေးဂျင့်တဦးရဲ့ သွေးဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက်မှာတော့ သူတို့ဟာ ထိုင်းနဲ့ မြန်မာကြား သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကူးပြီး မြန်မာဘက်ခြမ်းကိုသွားဖို့ စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ မြဝတီမြို့က ဆိုက်ဘာရာဇ၀တ်ဂိုဏ်းကို လည်ပတ်နေတဲ့ လူတစုဆီ ကျနော်တို့ကို လွှဲပြောင်း ရောင်းစားခံခဲ့ရတယ်။ ကျနော်တို့ဟာ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး ဆိုက်ဘာ ရာဇ၀တ်မှုတွေမှာ အတင်းအကျပ် ခိုင်းစေခံခဲ့ရပါတယ်။ ကျနော်တို့ကို ထားတဲ့ ခြံဝင်းတခု တည်းမှာပဲ အဖွဲ့ ၇၀ လောက် ဆိုက်ဘာကျွန်တွေအဖြစ် နေ့နေ့ညည အလုပ်လုပ်ကြရတယ်။ အဲဒီထဲမှာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်လူငယ်တွေလည်း ဆိုက်ဘာရာဇဝတ်မှုတွေ ကျူးလွန်ဖို့ တွန်းအားပေးခံခဲ့တာကို တွေ့ခဲ့ရပါတယ်။”

ဗီဒ်ဟန်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ ဒေသခံတဦး အကူအညီနဲ့ မိုဘိုင်းလ်ဖုန်းတလုံးကို ဝယ်ယူနိုင်ခဲ့ပြီး အိန္ဒိယအာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့ကာ အိန္ဒိယသံရုံးရဲ့ ကြားဝင်ဆောင် ရွက်ပေးမှုနဲ့ ထိုင်းအာဏာပိုင်တွေက မြန်မာစစ်တပ်နဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ (အိန္ဒိယ) ၈ ဦးကို မြန်မာစစ်တပ်က ဒဏ်ငွေ ဒေါ်လာ ၁၅၀၀ ချမှတ်ခဲ့ပြီး အချိန်တိုအတွင်း ထောင်ချခဲ့ပါတယ်။ နောက်တော့ ထိုင်းကို ပြန်ပို့ပြီး တလလောက် ထောင်ထဲ ပြန်ပို့ခံရတယ်။”

ဒါ့အပြင် ဆိုက်ဘာရာဇ၀တ်ဂိုဏ်းက သူ့မိသားစုဆီ ဆက်သွယ်ခဲ့ပြီး ပြန်လွှတ်ပေးဖို့အတွက် ငွေညှစ်တာတွေ လုပ်ခဲ့သလို သူ့ရဲ့မိသားစုက ဒေါ်လာ ၂၀၀၀ ပေးပြီး တခြား မိသားစုတွေလည်း ဒေါ်လာ ၅၀၀၀ ပေးခဲ့ရတဲ့အကြောင်းလည်း ဗီဒ်ဟန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ် လုပ်ငန်းတခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကျားဖြန့်လူဖမ်းပွဲတွေ အပြိုင်အဆိုင် လုပ်နေကြပေမဲ့ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတွေကို ဘယ်လိုဘယ်ပုံ ဖမ်းဆီးအရေးယူနေသလဲဆိုတာ အခုထိ မသိကိန်းအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ကြေညာထားပါတယ်။

Source: News18

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024