မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်း ရေကျော်ခဲ့လို့ ယာယီရပ်နားခဲ့တဲ့ ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်းက ၁၈၂ အစုန်နဲ့ ၁၈၁ အဆန် အမြန်ရထားတွေ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီလို့ မြန်မာ့မီးရထားက သိရပါတယ်။
ရထားလမ်း ရေကျော်ခဲ့လို့ ကြံခင်း-ဟင်္သာတ-ပုသိမ် ရထားလမ်းပိုင်းကို ဇူလိုင် ၂၇ ရက်က စပြီး ယာယီရပ်ထားခဲ့ရာက ရေပြန်ကျသွားလို့ လိုအပ်တာတွေ ပြုပြင်ကာ သြဂုတ် ၂၁ ရက်က စတင်ပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပါပြီ။
မြန်မာ့မီးရထား တာဝန်ရှိသူ တဦးက “လက်ရှိ ရေပြန်ကျသွားလို့ လမ်းပိုင်း ကြံ့ခိုင်မှု ရှိ၊မရှိ စစ်ဆေးပါတယ်။ ခရီးသည်တွေ အဆင်ပြေပြေ သွားလာနိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ ရိုးရိုးလူစီးတွဲ ၃ တွဲ၊ အထက်တန်းတွဲ ၁ တွဲ၊ ကုန်တွဲ ၁ တွဲနဲ့ ဘရိတ် ၁ တွဲ ချိတ်ဆွဲပြီး ပုံမှန် ပြန်လည်ပြေးဆွဲနေပါပြီ” လို့ ဆိုပါတယ်။
ခရီးသွားဒေသခံ တဦးက “အခုလို ရထားတွေ ပြန်ပြေးတော့ အဆင်ပြေပြေနဲ့ ကုန်ကျစရိတ် သက်သောင့်သက်သာ သွားလာနိုင်တာပေါ့။ ဒါ့ကြောင့် ကြိုဆိုပါတယ်” လို့ ပြောပါတယ်။
အခု ပြန်လည်ပြေးဆွဲနေတဲ့ ၁၈၂ အစုန်အမြန်ရထားဟာ ကြံခင်းမြို့ကနေ မနက် ၅ နာရီမှာ စထွက်ပြီး ဟင်္သာတမြို့ကို မနက် ၉ နာရီ၊ ပုသိမ်မြို့ကို ညနေ ၃ နာရီခွဲမှာ ရောက်ရှိမှာဖြစ်ပြီး ၁၈၁ အဆန်ကတော့ ပုသိမ်မြို့ကနေ မနက် ၆ နာရီမှာ စတင်ထွက်ပြီး ကြံခင်းမြို့ကို ညနေ ၄ နာရီခွဲမှာ ရောက်မယ်လို့ သိရပါတယ်။