ဒီကနေ့ ကျရောက်တဲ့ ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ မေတ္တာအခါတော်နေ့မှာ ရွှေတိဂုံစေတီတော်မှာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဆိုပူဇော်ပွဲနဲ့ ပန်းစေတီဆက်ကပ်လှူဒါန်းပွဲတွေ ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် ဝတ်အသင်းအသီးသီးကလည်း ဥပုသ်သီလဆောက်တည်ဖို့အတွက် သီလခံယူဆောက်တည်ပွဲတွေကိုလည်း ကျင်းပခဲ့ကြပြီး ဘုရားဖူးတွေလည်း လာရောက်တာ တွေ့ရပါတယ်။
ရွှေတိဂုံစေတီမြတ်ကြီးမှာ ဒီနေ့ လာရောက်ဖူးမြော်သူ နည်းပါးခဲ့တယ်လို့ နိဗ္ဗာန်ကုန်ဆိုင်တွေက ပြောပါတယ်။
နိဗ္ဗာန်ကုန်ဆိုင်ရှင်တဦးက “ဒီနေ့ စက်ရုံတွေ မပိတ်ကြလို့ ဘုရားဖူးနည်းတာ။ ဝါဆိုနေ့က ဒီလိုမနက်ကတည်းက ကြိတ်ကြိတ်တိုးနေပြီ။ ဘုရားဖူးနည်းတော့ အရောင်းအဝယ်ပါးတယ်။ ဘုရားပန်းတွေကအစ စျေးတက်တယ်” လို့ ပြောပါတယ်။
အနောက်တောင်(စနေထောင့်)နဲ့ အနောက်ဘက်(ကြာသပတေးထောင့်)ကြားရှိ အနောက်ပြည်- ရခိုင်ကုန်သည်များအသင်း လှူဒါန်းဆောက်လုပ်ထားတဲ့ တန်ဆောင်းပေါ်မှာ လပြည့်မတိုင်ခင် ၆ ရက်ဆက်တိုက်အထိ မေတ္တာအခါတော်နေ့အကြို မေတ္တသုတ်တော်နဲ့ ပရိတ်ရွတ်ဖတ်ပွဲတွေကို စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးရုံးအဖွဲ့က လာရောက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလပြည့်နေ့မှာတော့ မေတ္တာအခါတော်နေ့ အခမ်းအနားအဖြစ် အသံမစဲမေတ္တာပို့ အောင်ပွဲပြုလုပ်ခြင်း၊ ဆွမ်းတော်ကြီးတင်ခြင်းနဲ့ ပန်းပေါင်း ၈၄,၀၀၀ ပါဝင်တဲ့ ပန်းစေတီငါးဆူကို မုခ်၄ ခုက ဘုရား၄ ဆူနဲ့ စနေထောင့်မှာ ကပ်လှူထားတာ တွေ့ရပါတယ်။
ဝါခေါင်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုးရွတ်ဖတ်ပူဇော်လေ့ရှိတဲ့ ပရိတ်ကြီး ၁၁ သုတ်မှာပါဝင်တဲ့ မေတ္တာသုတ်စတင်ဖြစ်ပေါ်ရာ နေ့ထူးနေ့မြတ်နေ့လည်း ဖြစ်ပါတယ်။ ဝါခေါင်လဟာ မြန်မာပြက္ခဒိန်ရဲ့ ပဉ္စမမြောက်လဖြစ်ပြီး ရာသီခွင်ကတော့ သိဟ်ရာသီဖြစ်ကာ ရာသီပန်းမှာ ခတ္တာပန်းဖြစ်ပါတယ်။