အွန်လိုင်းရှော့ပင်းကုမ္ပဏီ Temu ထူထောင်သူ ကောလင်းဟွောင်ဟာ ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၆ ဘီလီယံနဲ့ တရုတ်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်လို့ ဘလွန်းဘာ့ဂျ် ဘီလီယံနာ အညွှန်းကိန်းအရ သိရပါတယ်။
၂၀၂၁ ကတည်းက တရုတ် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေတဲ့ Nongfu Spring ကုမ္ပဏီ ထူထောင်သူ ရေသန့်သူဌေးကြီး ကျောင်းရှန်ရှန်းကို ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းသစ်တွေ တခုပြီးတခု တိုးချဲ့လေ့ရှိတဲ့ ဟွောင်ဟာ e-commerce ပလောက်ဖောင်း Oku, အွန်လိုင်းဂိမ်းကုမ္ပဏီ Xinyoudi (ရှင်းယုတိ) နဲ့ စိုက်ပျိုးရေးပလက်ဖောင်း Pinduoduo (ပင်ဒိုဒို) လို လုပ်ငန်းတွေကိုပါ စတင်ခဲ့တာဖြစ်ပါတယ်။
ဟွောင်ဟာ အရင်က ဂူးဂဲလ် အင်ဂျင်နီယာတဦးဖြစ်ပြီး တရုတ်မှာ ဂူးဂဲလ်ဝန်ဆောင်မှုတွေ တိုးချဲ့ရာမှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ေဟွာင်ဟာ မျိုးဆက်သစ် တရုတ်ဘီလီယံနာ အုပ်စုထဲမှာ ပါဝင်ပြီး နည်းပညာနဲ့ ချမ်းသာလာသူ ဖြစ်ပါတယ်။ အွန်လိုင်းလုပ်ငန်း အများအပြား စတင်ပြီး စွန့်စားရဲတာကြောင့် ထင်ရှားသူဖြစ်ပါတယ်။
သူ့အောင်မြင်မှုနဲ့ ချမ်းသာမှုကတော့ Temu က အဓိကလာတာ ဖြစ်ပါတယ်။ ဒစ္စကောင့်ပေးတဲ့ စနစ်ကြောင့် နာမည်ကြီးတဲ့ Temu ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ကို အရှိန်ပြင်းပြင်းနဲ့ ထိုးဖောက်နေတာ ဖြစ်ပါတယ်။
Temu ဟာ လူမှုကွန်ရက်တွေမှာလည်း ကြော်ငြာအား အရမ်းသုံးလေ့ရှိပြီး အမေရိကန်နဲ့ ဗြိတိန်လို နိုင်ငံတွေကိုပါ ထိုးဖောက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပြီး ဝန်ဆောင်မှုညံ့တဲ့ ကုန်သွင်းသူတွေကို ဒဏ်ကြေးအများကြီးချလို့ ပြဿနာတက်ခဲ့ပါတယ်။
ဒါ့အပြင် ရောင်းရငွေတွေ ပြန်ရှင်းပေးတာ နောက်ကျတာ၊ ဝန်ထမ်းတွေကို အချိန်အများကြီး ခိုင်းစေတာတွေလို စွပ်စွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
တရုတ်အွန်လိုင်း ဒစ္စကောင့်စတိုးတွေဖြစ်တဲ့ Shein, Aliexpress နဲ့ Temu တို့ကို သွင်းကုန်ခွန်တွေ ကောက်ဖို့ EU ကလည်း ပြင်ဆင်နေပါတယ်။
Source-Reuters