မြိုင်မြို့နယ်တွင် စစ်တပ်စခန်း ၁ ခုကို PDF တိုက်ခိုက်သိမ်းပိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှူးတဦးက “ဝက်ပုတ်စစ်တပ်စခန်းက ဘန်ကာတွေကို ကွန်ကရစ်တွေနဲ့ အထပ်ထပ် ဆောက်လုပ်ထားတာပါ။ ၄ ရက်ကြာအောင် အဆင့်ဆင့် တိုက်လိုက်ရတယ်။ အဲဒီမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူ ၁၀ ယောက်ရဲ့ အလောင်းတွေ တွေ့တယ်။ ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိပြီး ထွက်ပြေးသွားကြသူတွေလည်း ရှိပါတယ်။ ရဲတပ်ကြပ်ကြီးတဦးကိုတော့ အရှင်ဖမ်းမိထားပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး မောင်ထန်းနဲ့ မြိုင် ပကဖ ဂဠုန်တပ်က ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲကနေ MA4 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ G4 သေနတ် ၁ လက်၊ M16 သေနတ် ၁ လက်၊ 12 ဗို့ သေနတ် ၂ လက်၊ 79 မမ လက်နက်ကြီး ၁ လက်၊ 60 မမ လက်နက်ကြီး ၁ လက်၊ ဂျန်ပါစက် ၁ လုံး၊ ခဲယမ်း အများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “သူတို့စခန်းကို လက်နက်ချ အလင်းဝင်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ သူတို့ဘက်က မြေပြင်စစ်ကူခေါ်ပြီး လေကြောင်းကနေပါ ဗုံးကြဲခဲ့တဲ့အတွက် ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁ က ရဲဘော် ၇ ဦး ပေါင် ၅၀၀ ဗုံးစ ထိမှန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တယောက်မှ စိုးရိမ်ရတဲ့ အခြေအနေ မရှိပါဘူး” လို့ ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ဩဂုတ် ၅ ရက်က စတင်တိုက်ခိုက်ခဲ့ကာ ကာကင်းစခန်းတခုကို သိမ်းယူနိုင်ခဲ့ပြီး ဩဂုတ် ၆ ရက်မှာ ကာကင်းစခန်း ၂ ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ကာ ဩဂုတ် ၈ ရက် မနက်ပိုင်းမှာတော့ အဆိုပါစခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၂ ရဲ့ တာဝန်ခံတဦးက “မြိုင်မြို့နယ်ထဲမှာ ဒီ ဝက်ပုတ်ရွာ အပါအဝင် ပျူရွာ ၅ ရွာ ရှိတယ်ဗျ။ အခု ဝက်ပုတ်ရွာ တပ်စခန်းကို သိမ်းပိုက်ပြီးပြီဆိုတော့ ကျန်နေတဲ့ ပျူရွာတွေက တပ်စခန်းတွေကိုလည်း ဆက်ပြီးသိမ်းပိုက်သွားမှာပါ” လို့ ပြောပါတယ်။
ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကို မြိုင်ပကဖ၊ ပကဖ တပ်ပေါင်းစု အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၁၊ ၂၊ ၆၊ ၇၊ ၁၀၊ ၁၄၊ ၁၅၊ ၁၇၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်)၊ ပေါက် ပကဖ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး၊ BLY ပြောက်ကျားတပ်ဖွဲ့၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့နဲ့အတူ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ အပါအဝင် ဒေသခံပြည်သူလူထုတွေ ပေါင်းစုကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာက ကိုင်းတောမရဲစခန်း အပါအဝင် စစ်ကောင်စီရဲ့ အထိုင်စခန်းအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါသေးတယ်။
ပင်လယ်ဘူးတွင် စစ်တပ်ထောက်ပို့ရဟတ်ယာဉ် ဗုံးကြဲခံရပြီး အရာရှိအပါအဝင် ၇ ဦးသေဆုံး
Photo Crd-NUG MOD
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက ပင်လယ်ဘူးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟတ်ယာဉ် အနည်းငယ်ပျက်စီးသွားပြီး အရာရှိအပါအဝင် ၇ ဦးသေဆုံးကာ ဒဏ်ရရှိသူတွေ များပြားတယ်လို့ ပင်လယ်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
“စစ်ကောင်စီတပ်ဝန်းထဲမှာ ထောက်ပို့ရဟတ်ယာဉ်က ဒဏ်ရာရလူနာ သယ်လာတာနဲ့ ရိက္ခာပစ္စည်းတွေ လာချတဲ့အချိန် စစ်ကိုင်းတိုင်း ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာပါ” လို့ ပင်လယ်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဘီလူးစစ်ကြောင်းအရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးကာ ရဟတ်ယာဥ်မှူး ၁ ဦး အပါအဝင် ၁၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး တခြားထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “ရဟတ်ယာဥ်ပေါ်ကို လူနာတင်နေတဲ့အချိန် ဗုံးကြဲခဲ့တာမို့ ဗုံးထိပြီး ရဟတ်ယာဉ်ရဲ့ အရေးပေါ်တံခါးနဲ့ အမြီးပိုင်း ပျက်စီးသွားပါတယ်။ မီးခိုးတလူလူနဲ့ ပြန်တက်သွားပြီး လေပေါ်ရောက်မှ အရေးပေါ်တံခါးပေါက် ပြုတ်ကျနေခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ Mi 17 ထောက်ပို့ရဟတ်ယာဥ်ကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
အဆိုပါရဟတ်ယာဉ်ကနေ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ အရေးပေါ်တံခါးပေါက်ကိုလည်း PDF တပ်ဖွဲ့က သိမ်းဆည်းရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရပ်စောက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA/DPLF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အကြား သြဂုတ် ၈ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DPLA က ထုတ်ပြန်ပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA/DPLF) ရှိရာနေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် မနက် ၁၁ နာရီဝန်းကျင်က စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးကာ ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး သေနတ် ၁၉ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တာဝန်ရှိသူက “စစ်ကောင်စီက ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာချိန် တိုက်ပွဲဖြစ်တာပါ။ အခုကတော့ စစ်ကောင်စီက ပြန်ဆုတ်သွားပြီ” လို့ ပြောပါတယ်။
ကျောက်ဂူဒေသခံတဦးက “လွယ်ဟောင်နဲ့ ဖက်ရင်းကုန်းရွာကြားမှာ ပစ်ခတ်သံတွေ ကြားနေရတာ။ အသံတွေက တော်တော်ကျယ်တယ် စစ်တပ်နဲ့ PDF တွေ ဖြစ်နေကြတာလို့လည်း ပြောကြတယ်။ ညနေပိုင်း စစ်တပ်က လေယာဥ်နဲ့ပါ လာပစ်သွားတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်စောက်မြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း SSPP/SSA တပ်ဖွဲ့တွေက ရပ်စောက်မြို့အနီးက ကျေးရွာတွေမှာ တပ်စွဲနေထိုင်ကာ ရွာအဝင်အထွက် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောတွင် တိုက်ပွဲဖြစ်၊ စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
သြဂုတ် ၈ ရက် မနက် ၆ နာရီမှာ မီးလောင်ချောင်းရွာရှိ အင်အား ၂၀ ခန့် စစ်ကောင်စီစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီရွာရဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်ရော ပျူတွေေရာ တပ်စွဲထားတယ်။ ကျနော်တို့ဘက်က ဝင်ရောက်တိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ဖြစ်တယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ ၁၇ တပ်က ရွာထဲကို လက်နက်ကြီးပစ်တယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှု မရှိပေမဲ့ စစ်ကောင်စီဘက်က တဦး မျက်မြင်သေဆုံးကာ ထိခိုက်သေဆုံးမှု အတိအကျကိုတော့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရပြီး တဦးမှာ စိုးရိမ်ရဒဏ်ရာရကာ မြိတ်ဘက်ကို ဆေးဝါးကုသဖို့အတွက် ပို့ဆောင်ပေးလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မီးလောင်ချောင်းကျေးရွာရှိ စာသင်ကျောင်းမှာ ဘန်ကာတွေနဲ့ အခိုင်အမာ တပ်စွဲထားတာ ၂ နှစ်ကျော်လောက်ရှိပြီး ရွာတွင်း အချက်အချာကျတဲ့ နေရာတွေမှာ ကတုတ်ကျင်းတူးထားတယ်လို့ ပုလော PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အခုလက်ရှိမှာတော့ မီးလောင်ချောင်းရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီဘက်က ခလရ ၁၇ တပ်ကနေ အင်အား ၃၀ ခန့် ပြန်လည်ဖြည့်တင်းထားပြီး မီးလောင်ချောင်းကျေးရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။