မြန်မာ့ရွှေဈေး ကျပ်သိန်း ၇၀ နားရောက်လာပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်နေကြရသလို အထည် ပြန်ဝယ်တဲ့အခါမှာလည်း ဈေးကွက်ပေါက်ဈေးမှာ ၁၀ ရာခိုင်နှုန်းလျှော့ပြီး ဝယ်လာကြပါတယ်။
စစ်ကောင်စီက ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်ထားတဲ့ ရည်ညွှန်းရွှေဈေးဟာ ကျပ် လေးဆယ့်ခြောက်သိန်း ငါး သောင်းကျော်ပဲ ရှိပေမဲ့ ရန်ကုန်မြိုု့က ရွှေဈေးကွက်အတွင်းမှာတော့ ကျပ်သိန်း ၇၀ နီးပါးနဲ့ အရောင်းဖွင့်ပြီး ရောင်းဝယ်နေကြတာဖြစ်ပါတယ်။
လတ်တလောရောင်းဝယ်နေကြရတဲ့ ရွှေအရောင်းအဝယ်ပုံစံကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်က ရွှေဆိုင်ပိုင်ရှင်တဦးက အခုလို ပြောပါတယ်။
“ဘယ်လိုကွာလဲဆိုတော့ အစိုးရက လုပ်ခနဲ့ လစာနဲ့ လူတွေ ကုန်ဈေးနှုန်းတွေမမြင့်ဖို့အတွက် သူတို့သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းတယ်။ သူရောင်းခိုင်းတဲ့ဈေးနှုန်းက အပြင်မှာ အရောင်းအဝယ် ပြန်ဝယ်လို့ မရတဲ့ဈေး။ ဥပမာ ညီမ စပါးစိုက်တယ်။ ဆန်တတင်းကို ၅ သောင်းကျတယ်။ အစိုးရက ၄ သောင်းနဲ့ လာရောင်းခိုင်းတယ်ဆိုရင် မကိုက်ဘူး။ မကိုက်တော့ ၄ သောင်းနဲ့ရောင်းဆို ရောင်းပေးတယ်။ ဒါပေမယ့် ဆလပ်ကြီး ထည့်လိုက်တယ်။ ၄ သောင်းနဲ့ရောင်းနိုင်တဲ့ ပစ္စည်းမျိုးနဲ့ ပေါင်းရောင်းရတယ်။ အရင်တုန်းက ရွှေ ၅ မူးသားဆိုရင် ၃ ရွေးလိုက်ယူတယ်။ အခုဆိုရင် သူရောင်းခိုင်းတဲ့ ဈေးနဲ့ဆိုရင် ၇ ရွေးလောက် ယူလိုက်တယ်။ အဲ့ဒါမှာ သူ့ရဲ့ပစ္စည်းကို လိုအပ်ရင် ရောင်းပြီးရင် ပြန်ဝယ်ဖို့ မှီမယ့်ဈေးကို လိုက်ရောင်းတယ်။ အဲ့ဈေးကိုသွားကိုင်လို့မရဘူး။ ဈေးကတော့ ပြောရင်တော့ ပြောတဲ့ဈေးအတိုင်းရောင်းမှာပဲ။ ပြင်လို့မရဘူး။ ဒါပေမဲ့ ရောင်းတဲ့သူကတော့ တကယ်ပြန်ဝယ်လို့ရမယ့်ဈေးနဲ့ ရောင်းကြရတယ်။”
ရွှေဆိုင်တွေရဲ့ ဆိုင်နံရံနဲ့ ဆိုင်ရှေ့တွေမှာ ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားတဲ့ ရွှေရည်ညွှန်းဈေးကို ထုတ်ပြန်ချိတ်ဆွဲထားပေမဲ့ တကယ်တမ်း အရောင်းအဝယ်လုပ်ကြတဲ့အခါမှာ ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ရောင်းဝယ်နေကြတာဖြစ်ပါတယ်။ ရှိတန်ဆာ မရှိဝမ်းစာလို့ သဘောထားဆင်မြန်းလေ့ရှိတဲ့ ရွှေထည်တွေကို ပြန်ရောင်းချင်ရင် လက်ခရှုံးလေ့ရှိပေမဲ့ အခုအခါမှာတော့ ဈေးကွက်ပေါက်ဈေးကို ၁၀ ရာခိုင်နှုန်းလျှော့ပြီး ပြန်လည်ဝယ်ယူနေတာဖြစ်ပါတယ်။
ဒါကြောင့် ရွှေဆိုင်တွေမှာ ရွှေရည်ညွှန်းဈေးကို ကြေညာထားပေမဲ့ ဈေးကွက်ပေါက်ဈေးကိုမှီအောင် အလျော့တွက်လက်ခကို ရွှေတကျပ်သားအပေါ်မှာ ၈ ရွေးအထိ ပိုယူလာပြီး ရောင်းဝယ်လာကြတာ ဖြစ်ပါတယ်။
လတ်တလော ရွှေရည်ညွှန်းဈေးထက်ပိုရောင်းလို့ အရေးယူခံထားရတဲ့ ရွှေဆိုင်ကြီးတဆိုင်မှာလည်း ရည်ညွှန်းဈေးမဟုတ်တဲ့ ပြည်ပပေါက်ဈေးနဲ့ ပြန်လည်ဝယ်ယူပေးနေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“ညီမတို့ ဘယ်အချိန်လာရောင်းရောင်း ပေါက်ဈေးအတိုင်းပဲ ဝယ်ပေးပါတယ်။ အလျော့တွက်ကတော့ ရောင်းရောင်းလဲလဲ အရှုံးပါ။”
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတေ့ အမေရိကန်ဒေါ်လာဈေးကွက်ကို ထိန်းချုပ်လိုက်ပြီး ဒေါ်လာဈေးနှုန်းနဲ့ တွက်ချက်ဖွင့်တဲ့ ရွှေဈေးကွက်ကိုလည်း လွတ်လွတ်လပ်လပ် ရောင်းချခွင့်မပေးသလို ဈေးကွက်ကိုလည်း ထိန်းချုပ်နိုင်တာ မရှိခဲ့ပါဘူး။
ရွှေဈေးတွေတက်လာတိုင်း ဈေးကစားသူတွေကြောင့်သာ ဖြစ်တယ်လို့ ဆင်ခြေပေးလေ့ရှိပြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ရွှေတကျပ်သား ၅၇ သိန်းကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့တဲ့နောက် ထိပ်သီးရွှေဆိုင်ဆိုင်ပိုင်ရှင်တွေအပါအဝင် ပွဲစားတွေနဲ့ ရွှေအရောင်းအဝယ် လုပ်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာကြောင့် အဲဒီရက်ပိုင်းက တချို့ရွှေဆိုင်တွေပိတ်ထားခဲ့ပြီး အရောင်းရပ်ဆိုင်းထားခဲ့ကြပါတယ်။
မြန်မာ့ရွှေဈေးကွက်ဟာ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးကတမျိုး၊ ဈေးကွက်ပေါက်ဈေးက တမျိုးနဲ့ အမျိုးမျိုးတွက်ချက်ရောင်းဝယ်နေကြရပါတယ်။ ဒါကြောင့် တရားဝင်ရောင်းဝယ်ဖောက်ကားခွင့်ရှိတဲ့ ကုန်စည်ဖြစ်ပေမဲ့လည်း ပွင့်လင်းမြင်သာမှုမရှိတော့တဲ့ ကုန်စည်ဈေးကွက်အခြေနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။