စစ်ကိုင်းတိုင်း၊ ကလေးဝ-မဟာမြိုင် ကားလမ်းမပေါ်မှာ တလကျော်ကြာ လမ်းကြောပိတ်ထားမှုနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ ကုန်တင်ကားသမားတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပြီးနောက် ကုန်တင်ကားသမား ၁၃ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ၄၅ ရက် အချုပ်ချလိုက်တယ်လို့ ဩဂုတ် ၅ ရက်မှာ အဲဒီတပ်ဖွဲ့ဘက်က ပြောပါတယ်။
ကလေးဝ PDF တပ်ဖွဲ့ဝင်တဦးက “သူတို့ ၁၃ ဦးလုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နယ်မြေမှာ ချမှတ်ထားတဲ့ လုံခြုံရေးစည်းကမ်းကို ချိုးဖောက်တဲ့အတွက် သက်ဆိုင်ရာနယ်မြေမှူးကနေ တပ်လုပ်ထုံးလုပ်နည်းအတိုင်း ယာယီချုပ်နှောင်ထားတဲ့သဘောပါ” လို့ DVB ကို ပြောပါတယ်။
ဇူလိုင် ၈ ရက် မနက်ပိုင်းက ကုန်တင်ကားအစီးရေ ၈၀ ကျော်ဟာ ဒေသကာကွယ်ရေးတပ်က ပိတ်ပင်ထားတဲ့လမ်းကို ဖြတ်ကူးလာကြရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ရှေ့ဆုံး ကားသမားရဲ့ ကားဘီးကို ပစ်ခတ်ရာကနေ ကားသမားတွေနဲ့ ကာကွယ်ရေးတပ်တွေကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။
အဓိကရုဏ်း ဖြစ်ပွားပြီးနောက် အဆိုပါ ကားသမားတွေထဲက ကားလမ်းထွက်ဖို့ ဦးဆောင်သူလို့ ယူဆရတဲ့ အသက် ၂၀ နဲ့ ၄၀ ကြား ကားသမား ၁၃ ဦးကို ဒေသခံကာကွယ်ရေးတပ်ဘက်က ကားနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
အဆိုပါအဓိကရုဏ်းဖြစ်ပြီးတဲ့ ဇူလိုင် ၁၇ ရက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဘက်က လမ်းကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။