Home
မြန်မာသတင်း
အ​ရှေ့ဒဂုံ၊ ဟင်္သာတ၊ သာပေါင်း၊ ကလေး၊ တာချီလိတ်ရေကြီး၊  တနင်္သာရီတွင် မြစ်ရေပြန်ကျ
DVB
·
August 2, 2024

ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်က ရပ်/ကျေး ၁၃ ခုမှာ ဩဂုတ် ၂ ရက်က ရေဘေးသင့်လူဦးရေ ၁၅,၀၀၀ လောက် အထိရှိလာတယ်လို့  မြို့ခံကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အရှေ့ဒဂုံမြို့နယ်ဟာ လှည်းကူးမြို့နယ်နဲ့ ထိစပ်နေသလို မြို့နယ် ၂ ခုကြားမှာ ငမိုးရိပ်ချောင်းက ဖြတ်သန်းစီးဆင်းနေတာပါ။

မြစ်ရေဝင်မှု ကြုံတွေ့နေရတဲ့ တိုက်ကြီးမြို့နယ်အတွင်းက ချောင်းဆွယ်တွေကနေ ငမိုးရိပ်ချောင်းကို ရေတွေစီးဆင်းလာခဲ့သလို မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် ဇူလိုင် ၂၉ ရက်က စတင်ကာ အရှေ့ဒဂုံမြို့နယ်မှာ ရေလွှမ်းမှုတွေ ဖြစ်လာခဲ့တာပါ။

ကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ရပ်ကွက် ၁၂ ခုနဲ့ ရွာ ၁ ရွာမှာ ရေဝင်နေပါတယ်။ ရေပိုများတာက ၁၃၊ ၁၄၊ ၁၀၈၊ ၁၁၉ ရပ်ကွက်တွေ။ လူကြီး ရင်ခေါင်းလောက်အထိ ရေရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့လောက်ကတည်းက ရေတက်လာတာ” လို့ ပြောပါတယ်။

အရှေ့ဒဂုံမြို့နယ်ထဲက ၆၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅၊ ၁၀၈၊ ၁၁၈၊ ၁၁၉၊ ၁၂၇၊ ၁၂၉၊ ၁၃၂၊ ၁၅၆ စတဲ့ရပ်ကွက်တွေနဲ့ သစ်ပင်အောက်ရွာမှာ အိမ်တွေ၊ အဆောင်၊ ကျောင်းတွေထဲအထိ ရေရောက်နေပါတယ်။

ရန်ကုန်မြို့တွင်းက လာရောက်လှူဒါန်းမှုတွေနဲ့ မြို့ခံအသင်း ၃ သင်းက နေ့တိုင်း ကူညီမှုတွေ ရှိနေပေမဲ့လည်း ဒီရပ်ကွက်တွေထဲက အိမ်ထောင်စု ၃,၀၀၀ ကျော်၊ ခန့်မှန်းလူဦးရေ တသောင်းခွဲလောက်ဟာ အသင့်စား ထမင်းထုပ်တွေ၊ သောက်ရေသန့်နဲ့ အခြေခံဆေးဝါးတွေ လိုအပ်ချက် ရှိနေပါသေးတယ်။

မြေအနိမ့်ပိုင်း နေထိုင်သူတွေထဲမှာ ရွှေ့စရာနေရာရှိသူတွေ ရွှေ့ကြသလို ပြောင်းရွှေ့ဖို့ အခက်အခဲ တွေ့ကြုံနေရတဲ့သူတွေဟာ ရေမြုပ်နေတဲ့အိမ်တွေမှာပဲ လင့်စင်တွေထိုးပြီး နေထိုင်နေကြရတဲ့ မိသားစုတွေလည်း ရှိနေပါတယ်။

ဧရာဝတီ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်နစ်မြုပ်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ဒေသခံ အယောက် ၁,၀၀၀ ကျော် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မြစ်ရေကြီးလို့ ဇူလိုင် ၁၈ ရက်ကနေ သြဂုတ် ၁ ရက်အထိ အိပ်ပျက်၊ ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်၊ အုန်းတော စတဲ့ ကျေးရွာတွေက ဒေသခံ အယောက် ၁,၀၀၀ ကျော် ရေဘေးလွတ်တဲ့နေရာတွေ ပြောင်းရွှေ့နေရပြီး အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “လောလောဆယ် ကုန်းမြင့်နေရာတွေမှာ ပြောင်းနေနေရတာ။ အကူအညီလာပေးတဲ့သူ နည်းလို့ စားစရာမရှိဖြစ်ပြီး စားစရာ အဓိကလိုအပ်နေတာ။ ရေကြီးတဲ့ဒဏ်ခံရတာက ၂ ပတ် ကျော်လာပြီ” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ သြဂုတ် ၂ ရက်အထိ မြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး မိုးဆက်လက် ရွာသွန်းမယ် ဆိုပါက ရေပြန်ကျဖွယ် မရှိသေးကြောင်းနဲ့ ဒေသခံတွေဟာ မနှစ်ကထက် ရေကြီးတဲ့ဒဏ်ကို ပိုမိုခံစားနေရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “မနှစ်က ရေကြီးတာ ထန်ကုန် ၅ ရက်ပဲ။ အခုက ၂ ပတ် ကျော်လာပြီ။ ဘယ်မှသွားမရ၊ ဘာမှ လုပ်မရ ဖြစ်နေတာ။ ရေကပြန်ကျဖို့ မမြင်သေးဘူး။ ဒီဘက်က တခြားဒေသတွေ ရေပြန်ကျလည်း ချက်ချင်း ရေပြန်ကျတဲ့နေရာတွေ မဟုတ်ဘူး။ မိုးဆက်မရွာမှ အခြေအနေကောင်းမှာ။ သတိနဲ့နေဖို့ပဲ ပြောချင်တာ” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ် အလုံး ၄၀၀ ထက်မနည်းက လူအယောက် ၁,၀၀၀ ထက်မနည်း ရေဘေးလွတ်တဲ့ ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့ထားရပြီး အကူအညီတွေ လိုအပ်နေတာလို့ သိရပါတယ်။

ဟင်္သာတမြို့နယ်က အိပ်ပျက်ကျေးရွာအုပ်စုဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး ၂၀၂၃ ခုနှစ်ကလည်း ရေကြီးရေလျှံမှုဒဏ်ကြောင့် လူနေအိမ် ၆ လုံး ရေစီးနဲ့မျောပါခဲ့ကာ လူအယောက် ၅၀၀ ထက်မနည်း ရေဘေးဒုက္ခရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

သာပေါင်း၊ ကန်ကြီးထောင့်၊ အင်္ဂပူမြို့နယ်တို့မှာလည်း ရေကြီးရေလျှံမှုကြောင့် စပါးဧက ၁၅,၀၀၀ ကျော်အထိ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်ကစတင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားကာ လယ်ကွင်းတွေ ရေနစ်မြုပ်ပြီး ဒေသခံတောင်သူတွေ စိုက်ပျိုးပြီးခါစ မိုးစပါးဧက ၁၅,၀၀၀ ကျော်အထိ နစ်မြုပ်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်မှ တောင်သူတယောက်က “စပါးခင်းတွေ အချိန်တပတ်လောက်အထိ ရေနစ်မြုပ်ခဲ့တာ။ အကုန် ပုပ်ပွ ပျက်စီးကုန်တာ။ ရေမြုပ်တာက တရက် နှစ်လောက် မြုပ်နေရင် တော်သေးတယ်။ ရေပြန်အကျကို စောင့်ကြည့်နေတာ။ အခုတော့ စပါးအပင်တွေက ကျွတ်ထွက်တာကျွတ်ထွက်၊ ပုပ်ကုန်တာ ပုပ်ကုန်၊ မြေအသားပဲကျန်တယ်။ တပတ်ကျော်ကျော်အထိ ရေကမြုပ်ခဲ့တော့ ဘာမှကို ပြန်မရမှာ သေချာတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားလို့ သာပေါင်းမြို့နယ်က စပါးဧက ၇,၀၀၀ လောက်၊ အင်္ဂပူမြို့နယ်မှာ စပါးဧက ၆,၀၀၀ လောက်နဲ့ ကန်ကြီးထောင့်မြို့နယ်မှာ စပါးဧက ၂,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်က ဒေသခံ တောင်သူတယောက်က “အခုနှစ် ရေတက်တာက မနှစ်ကထက် ရေက ပိုတက်နေတယ်လို့ ထင်ရတယ်။ စိုက်ပြီးတာ နှစ်ပတ်လောက်ပဲရှိသေးတဲ့ စပါးတွေ ရေမြုပ်နေတာ၊ လုံးဝကိုမြုပ်တာ။ မနှစ်ကလည်း ရေမြုပ်လို့ ဘာမှပြန်မရတော့ အတော်ဒုက္ခရောက်ခဲ့တာ။ အခုလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်မှာ မိုးစပါးဧက ၆၈,၀၀၀ ကျော်၊ ကန်ကြီးထောင့်မြို့နယ်မှာ မိုးစပါးဧက ၁၄၃,၀၀၀ ကျော်နဲ့ အင်္ဂပူမြို့နယ်မှာ မိုးစပါးဧက ၁၁၇,၀၀၀ ကျော် နှစ်စဉ်စိုက်ပျိုးပြီး လက်ရှိ ရေကြီးရေလျှံတဲ့ဒဏ်ကြောင့် ပျက်စီးသွားတဲ့ စပါးဧကတွေအတွက် ပြန်လည်စိုက်ပျိုးဖို့ သက်နုစပါးမျိုးစေ့နဲ့ စိုက်ပျိုးရေးစရိတ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးရာသီကလည်း အင်္ဂပူ၊ သာပေါင်း၊ ကန်ကြီးထောင့် မြို့နယ်တွေမှာ တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးဧက ၈,၀၀၀ ကျော် ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သေးတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

တာချီလိတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်မှာလည်း  မိုးအဆက်မပြတ် ရွာသွန်းပြီး မယ်ဆိုင်ချောင်း ရေလျှံကျတာကြောင့် မယ်ဆိုင်ချောင်းအနီးနား ရပ်ကွက်နဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီး‌ရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ညနေပိုင်းက ရေအနည်းငယ်ဝင်လာပေမဲ့ ဒီကနေ့ ဩဂုတ် ၂ ရက် မနက် ၅ နာရီလောက်မှာ ရေတွေတက်လာကြောင်း၊ ရေဝင်တဲ့ရပ်ကွက်တွေမှာ မယ်ခေါင်၊  မကာအိုခမ်း၊ တာလော့၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ) နဲ့ ပုန်းထွန်ရပ်ကွက်တွေဖြစ်ပြီး  တချို့အိမ်တွေမှာ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတာကြောင့် ထမင်းဘူးတွေ လိုက်‌ဝေပေးခဲ့ရတယ်လို့ တာချီလိတ် နာရေးကူညီမှုအသင်းက DVB ကို ပြောပါတယ်။

“ရေကြီးတာကြောင့် လူတွေ တခြားနေရာ ရွှေ့ပြောင်းရတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ချက်ပြုတ်စားသောက်လို့မရတဲ့ အိမ်တွေအတွက် ကျနော်တို့အသင်းက ထမင်းဘူးတွေ လိုက်ဝေတာ ဘူးပေါင်း ၅၀၀ ကျော် ကုန်ပါတယ်။ ရေကြီးတာ အဆိုးဆုံးကတော့ မယ်ဆိုင်ချောင်းဘေးက ရပ်ကွက်တွေပေါ့။”

တာချီလိတ်နဲ့ မယ်ဆိုင်ကြား  နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ အောက်မှာလည်း ရေတွေဝင်နေလို့ အဲဒီမှာရှိတဲ့ မြန်မာလဝကရုံးလည်း ပိတ်ထားရပြီး နှစ်နိုင်ငံ အဝင်အထွက် စာအုပ် ထုတ်ပေးတာလည်း ယာယီရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နေ့လယ် ၁၁ နာရီကျော်လောက်ကစလို့ ရေတွေ တဖြည်းဖြည်းပြန်ကျနေပြီး ပုံမှန်အခြေအနေတော့ ပြန်မရောက်သေးဘူးလို့ တာချီလိတ်‌ဒေသခံက ပြောသွားပါတယ်။

ကလေးမြို့နယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ထိုမာရွာက စစ်ဘေးရှောင် ဒေသခံ ၁,၀၀၀ ကျော်ဟာ ချောင်းရေနဲ့ မြစ်ရေကြီးမှုကြောင့် နေရာပြောင်းရွှေ့နေထိုင်နေရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထိုမာရွာခံတွေက ပြောပါတယ်။

ဇူလိုင် ၃၁ ရက်က ဈေးချောင်းရေနဲ့ မြစ်သာမြစ်ရေ မြင့်တက်ပြီး စစ်ရှောင်တဲတွေဆီ ရေဝင်‌ရောက်လာတာကြောင့် စစ်ရှောင်တွေဟာ ရေလွတ်တဲ့‌နေရာတွေကို ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။

ထိုမာရွာ ဒေသခံတဦးက “ရွာကလူတွေက တောမှာရှောင်နေကြတာ ကြာပြီဗျ။ မနေ့ကတော့ မြစ်ရေမတက်သေးဘူး၊ ဈေးချောင်းရေပဲ တက်တာ။ ဒီနေ့ မြစ်ရေရောတက်တော့ တဲတွေလည်း ရေမြုပ်တယ်။ အခုတော့ ရေလွတ်တဲ့နေရာတွေဆီ ပြောင်းနေကြတယ်”လို့ DVB ကို ပြောပါတယ်။

မြစ်ရေနဲ့ ချောင်းရေကြီးမှုကြောင့် စစ်ရှောင်တဲ အလုံး ၃၀၀ ကျော် ရေနစ်မြုပ်နေပြီး စစ်ဘေးရှောင် ၁,၀၀၀ ကျော်ဟာ နေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ထိုမာရွာကို စစ်ကြောင်းဝင်ရောက်ကာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ထိုမာရွာခံတွေဟာ ကျေးရွာတွင်းမှာ မနေရဲကြတော့ဘဲ တောတောင်တွေထဲမှာသာ နေထိုင်နေကြတာလို့ ရွာခံတွေက ပြောပါတယ်။

တနင်္သာရီ

တနင်္သာရီမြို့နယ်အတွင်းရှိ တကူတိုက်နယ်မှာတော့ တကူရွာအနီးတဝိုက်နဲ့ သာရဘွင်ရွာတွေဘက်မှာ မြစ်ရေပြန်ကျပြီး ရွာထဲ လူတွေ ပြန်နေထိုင်လာကြတယ်လို့ သိရကာ ခြောက်မိုင်၊ ဘန်လော၊ ဆင်ခေါင်းရွာ၊ ကျွဲထိန်းကုန်းရွာတို့မှာတော့ ရွာထဲ ရေဖုံးလွှမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တကူရွာသားတဦးက “တကူရွာမှာတော့ ရေက ဒီနေ့ဆို ‌၇ ပေလောက် ကျသွားတယ်။ ရေမရှိတော့တာမဟုတ်ဘူး။ အိမ်ပေါ်တွေတော့ မရောက်တော့ဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တနင်္သာရီမြစ်ရေ ပြန်ကျနေပေမဲ့ မိုးသည်းထန်စွာ ပြန်ရွာပါက ရေကြီးမှု ထပ်ဖြစ်လာနိုင်တာကြောင့် သတိထားပြီး စောင့်ကြည့်သင့်တယ်လို့လည်း တနင်္သာရီဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၉ ရက်က မြစ်ရေကြီးနေတဲ့ တနင်္သာရီမြို့နယ်က ပြည်အေးကျေးရွာမှာ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပြီး နောက်တရက်မှာလည်း ပြည်အေးရွာက အမျိုးသားတဦး ရေထဲပြုတ်ကျပြီး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁ ရက် မနက်ပိုင်းကစပြီး မြစ်ရေပြန်ကျလာကာ ရေဘေးရှောင်နေရတဲ့ ကျေးရွာတချို့က ပြည်သူတွေ နေရပ်ဒေသမှာ ပြန်လည်နေထိုင်တာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၂၅ ရက်ကစပြီး တနင်္သာရီမြို့နယ်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ မြစ်ရေကြီးလာတာကြောင့် ကျေးရွာအုပ်စုတွေမှာ ရေဖုံးလွှမ်းခဲ့ပြီး ဒေသခံပြည်သူတွေ ကုန်းမြင့်ပိုင်း နေရာတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

သြဂုတ် ၁ ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေအမှတ် ၃၁ ပေအောက်ကို ပြန်ကျဆင်းသွားပြီး အခု နေ့လယ်ပိုင်း ၁ နာရီခွဲလောက်မှာ မြစ်ရေအမှတ် ၂၉ ပေ ၁၁ လက်မအောက်ကို ကျဆင်းသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒေသခံတဦးက “ရေက ပြန်ကျနေတယ်ဆိုပေမဲ့ အားလုံးတော့ ပြန်မကျသေးဘူး။ မြစ်နဲ့နီးတဲ့ မြေနိမ့်တွေမှာတော့ ကျန်နေသေးတယ်။ ရေပြန်ကျတော့ အခု အိမ်မှာတောင် သန့်ရှင်းရေးလုပ်နေရတယ်” လို့ ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားချက်အရ တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ကြား မိုးကြီးနိုင်ကြောင်းနဲ့ လှိုင်းအမြင့် ၈ ပေမှ ၁၃ ပေခန့်ထိ ကြီးလာနိုင်တယ်လို့ သြဂုတ် ၁ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024