ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး၊ ရွှေကျင်နဲ့ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဇူလိုင် ၂၅ ရက်က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျရေနဲ့ စစ်တောင်းမြစ်ရေကြီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်တောင်းမြစ် ရေတမံကျိုးပေါက်တာတွေကြောင့် ကျောက်ကြီးမြို့နယ်က ကျေးရွာ ၄၁ ရွာ၊ မုန်းမြို့နယ်က ကျေးရွာ ၅၇ ရွာနဲ့ ရွှေကျင်မြို့နယ်က ကျေးရွာတချို့က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးသင့်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်အရှေ့ခြမ်းက ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲ တွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
“ကွင်းပြင်တွေမှာ၊ တောင်ပေါ်တွေမှာ တဲတွေသွားထိုးနေတဲ့ စစ်ရှောင်တွေ တော်တော်လေးအခက်အခဲရှိတယ်။ ရေက ခါးလောက်အထိရှိတာကို။ မိုးတအားရွာလို့ စစ်တောင်မြစ်အရှေ့ခြမ်းက ပြည်သူတွေ၊ စစ်ရှောင်တွေ၊ ဈေးဝယ်တာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးအတွက် ဆေးဝယ်တာဖြစ်ဖြစ် အကုန်လုံးက လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်အခဲရှိတယ်။”
ဒေသခံတွေရဲ့ နေအိမ်တွေ ရေကြီးရေလျှံပြီး ရေနစ်မြုပ်ခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ၊ စပါးကျီတွေ၊ ထင်းတွေ မျှောပါပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတွေအနေနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ခွင့်ပြုမိန့်ပါမှ သွားလာခွင့်ပြုမယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီက အခုလိုတားဆီး ပိတ်ပင်တာ လုံးဝမလုပ်သင့်ဘူးလို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
“ခွင့်ပြုချက်ရမှလုပ်ရမယ်ဆိုရင်တော့ ဒါအစိုးရတရပ်ရဲ့ ဂုဏ်အင်္ဂါနဲ့လည်း မညီဘူး။ နောက်တခုက အစိုးရလို့ သူကိုယ်သူပြောပြီးတော့ အစိုးရကလုပ်ဆောင်ရမယ့် တာဝန်ယူလုပ်ကိုင်နိုင်ခြင်းမရှိလို့ နိုင်ငံသားတွေကိုယ်တိုင်က နိုင်ငံသား အချင်းချင်း ကယ်ဆယ်ရေးတွေ ကူညီရေးတွေ လိုက်လံကူညီတဲ့နေရာမှာ အစိုးရကိုယ်တိုင်ဘာမှ မလုပ်နိုင်ရင် အခုလိုမျိုးပိတ်ပင်တာတို့ ကန့်သတ်တာတို့ ချုပ်ချယ်တာတို့ လုံးဝမလုပ်သင့်ဘူး။”
ဇူလိုင် ၂၅ ရက်က မုန်းမြို့နယ် မြောင်းဦးကျေးရွာက အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၃ ရက်က ရွှေကျင်မြို့နယ် ရေဖြူကန်ကျေးရွာကနေ စစ်ကောင်စီတပ်က ချုံအင်းကျေးရွာနဲ့ ကောက်မယ့်သူကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချုံအင်းကျေးရွာက ဒေသခံ အမျိုးသမီးတယောက် လက်နက်ကြီးစထိမှန်သေဆုံးပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ရေဘေးနဲ့ စစ်ဘေးဒဏ်ကို ခံစားနေရတဲ့အပြင် စိုက် ပျိုးထားတဲ့ စပါးခင်းဧက ၁၀၀၀၀ နီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စပါးရေမြုပ်တာ တကွင်းလုံးလို့ ပြောလို့ရတယ်။ ဒီနှစ်က တခြားနှစ်တွေထက် တမူထူးပြီးတော့ ရေကပိုကြီးတဲ့အခါကျတော့ လယ်သမားအတွက်တော့ အခက်အခဲရှိမှာပဲ။ ၁ ပတ် ၂ ပတ်ကျော်ရင်တော့ စပါးတွေက သေမှာပဲ။ တချို့နေရာတွေက ကုန်းနည်းနည်းပြန်ပေါ်တော့ ရသေးတယ်။ ရေမြုပ်တဲ့ စပါးခင်း ခန်းမှန်းချေ ၁ သောင်းနီးပါးလောက်ရှိတယ်” ဒေသခံတဦးက ပြောပါတယ်။
ညောင်လေးပင်ခရိုင်အတွင်း လယ်ဧက ၁၁၀,၀၀၀ ကျော်ရှိပြီး စပါးစိုက်ပျိုးနိုင်တဲ့ဧက ၈၀,၀၀၀ နီးပါးရှိရာ ၂၀၂၂ ခုက တိုက်ပွဲတွေကြောင့် မိုးစပါးဧက ၄၀,၀၀၀ နီးပါးပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် မိုးစပါး ဧက ၃၀,၀၀၀ လောက်သာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။
၂၀၂၄ ခုအတွင်း မိုးစပါးမစိုက်ပျိုးနိုင်သူစာရင်းကို နယ်မြေအခြေအနေကြောင့် အတိအကျ မကောက်ယူနိုင်ဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်