ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ အော်လန်ကျွန်းအနီးက ဘောလ်တစ်ပင်လယ်ပြင်မှာ ရေငုပ်သမားတွေဟာ သင်္ဘောပျက်တစင်းထဲမှာ အထူးသီးသန့်ထုတ် ရှန်ပိန်အရက်ပုလင်းတွေကို တွေ့ရှိခဲ့ပါတယ်။
သင်္ဘောပျက်ကို ရှာတွေ့ခဲ့တဲ့ ပိုလန်ရေငုပ်သမားတွေက ရှန်ပိန်ဟာ ရုရှားနိုင်ငံရဲ့ ဇာဘုရင် အတွက် ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဆွီဒင်နိုင်ငံ အော်လန်ကျွန်းတောင်ဘက် ရေမိုင် ၂၀ အကွာရှိ ဘောလ်တစ်ပင်လယ်မျက်နှာပြင်အောက် ၁၉၇ ပေ အနက်မှာ သင်္ဘောပျက်တစင်းကို တွေ့ရှိခဲ့ပြီး ကြွေထည်တွေနဲ့ သတ္တုဓာတ်ပါတဲ့ ရေပုလင်းတွေလည်း ပါရှိတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါတွေကို ဆိပ်ကမ်းကိုသယ်ယူပြီး ကုန်တင်ကုန်ချလုပ်ဖို့က ဆွီဒင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဘောလ်တစ် တက်ခ်ရေငုပ်အဖွဲ့မှ ရေငုပ်သမား မာရက်ခ်ဆာ့ဆိုက်က အစပိုင်းမှာတော့ သူတို့ဟာ သင်္ဘောထဲက ကုန်စည်တွေကို အာရုံမစိုက်မိခဲ့ပေမဲ့ နောက်တော့ ရှန်ပိန်ပုလင်း အတော်များများကို အရင်ဆုံး သတိထားမိပြီး သူတို့ဟာ ရှန်ပိန်အမှတ်တံဆိပ်ကို ဖော်ထုတ်ခဲ့ပြီးတော့ ပုလင်းတွေမှာ အထူးသီးသန့် ဆိုပြီး ဖော်ပြထားတာကိုလည်း တွေ့ရှိတယ် လို့ ပြောပြပါတယ်။
၁၈၅၂ ခုနှစ်လောက်မှာ ဇာဘုရင်ဟာ ဆွီဒင်နိုင်ငံကို ရောက်ရှိနေခဲ့ပြီး ဒါကြောင့် ဒီခရီးစဉ်ဟာ ရုရှားနိုင်ငံကို ကုန်ပစ္စည်းတချို့ ယူဆောင်လာဖို့ အခွင့်အရေးတစ်ခု ဖြစ်မယ်လို့ ယူဆထားကြောင်း သူက ဆိုပါတယ်။
သူတို့ဟာ ဒီရှန်ပိန်ထုတ်လုပ်သူနဲ့ အဆက်အသွယ်ရှိလို့ ဒီတံဆိပ်ကို သိထားပြီးသား ဖြစ်သလို ဇာဘုရင်အတွက် ရည်ရွယ်ပြီး အထူးသီးသန့် ထုတ်လုပ်ထားတဲ့ ပိုချိုတဲ့ ရှန်ပိန်တမျိုး ရှိတယ် ဆိုတာလည်း သိထားပါတယ်လို့ ဆာ့ဆိုက်က ပြောပါတယ်။
ရေငုပ်သမားတွေဟာ တချို့ပုလင်းတွေကို ဖယ်ရှားဖို့ ခွင့်ပြုချက်ရပြီ ဆိုရင်တော့ ဒီရှန်ပိန်ပုလင်းတွေဟာ အခုဆို ဘယ်လောက်တန်ဖိုးရှိမယ်၊ အခုရော သောက်သုံးလို့ ရနိုင်သေးလား ဆိုတာကို အတိအကျသိရဖို့ ရှန်ပိန်ထုတ်လုပ်သူဆီ ပေးပို့သွားမယ်လို့ ပြောပါတယ်။
Source-Reuters