Home
Lead Story
စံနမူနာယူစရာ ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်
နော်နိုရင်း
·
July 25, 2024
Photo-KWO/Naw Zipporah Sein

မြန်မာစစ်အာဏာရှင် အစိုးရအဆက်ဆက် တိုင်းရင်းသားတွေအပေါ် ဖိနှိပ်အနိုင်ကျင့် အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ပဋိပက္ခအတွင်း မွေးဖွားခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်ဟာ ထိုင်း-မြန်နယ်စပ်တနေရာမှာ ဇူလိုင် ၂၄ ရက်က  ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်ဟာ နယ်စပ်ဒေသနေ တိုင်းရင်းသား လူငယ်လူရွယ်တွေအတွက် ပညာတွေ သင်ကြားပြသပေးခဲ့တဲ့ ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ခိုလှုံရောက်ရှိခဲ့ပါတယ်။

ဒီနောက် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ စစ်ဘေးဒုက္ခခံစားနေရတဲ့ နယ်စပ်ဒေသနေ  ကရင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးအခွင့်ရေး စတာတွေအတွက် အကူအညီတွေ ဆောင်ရွက်ပေးနေတဲ့  ကရင်အမျိုးသမီးအစည်းအရုံး (KWO) အထွေထွေအတွင်းရေးမှူးအဖြစ် အမျိုးသမီးတွေကို ဦးဆောင်မှုပေးခဲ့သူတဦး ဖြစ်ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးမှာ တာဝန်ယူစဉ်ကလည်း  ကရင်အမျိုးသမီးရေးအပြင်  တခြားတိုင်းရင်းသား အမျိုးသမီးခေါင်းဆောင်တွေနဲ့လည်း လက်တွဲဆောင်ရွက်ပြီး ရှင်းလင်းပြတ်သား မတူကွဲပြားမှုတွေနဲ့ အပြန်အလှန်အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုတွေအပေါ် ရပ်တည်ခဲ့တဲ့ စံနမူနာပြုစရာ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး KWO က “ပဒိုနော်စီဖိုးရာစိန်ဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု တိုက်ပွဲမှာ ကျွန်ုပ်တို့ရဲ့ တအူထုံ့ဆင်း ညီအစ်မရင်းပမာ ဖြစ်ခဲ့ပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရလို့ ကြေကွဲမိပါတယ်။ သူဟာ သတ္တိပြောင်မြောက်ပြီး ဉာဏ်ပညာကြီးတဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ အမြဲတမ်း တိုင်ပင်နှီးနှောဖို့၊ အာဏာကို မျှဝေဖို့ ပြည်သူအားလုံး အကျိုးအတွက် သုံးဖို့ ဆိုတဲ့ ကျွန်ုပ်တို့ ရပ်ရွာအသိုက်အဝန်းအတွက် ခေါင်းဆောင်ကောင်းဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုတဲ့အပေါ်မှာ သူဟာ စံနမူနာဖြစ်ခဲ့ပါတယ်။ ထိုးထွင်းဉာဏ်အားကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သလို မတရားမှုနဲ့ ဖိနှိပ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်သူလည်း ဖြစ်ခဲ့ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာ ရာနဲ့ချီတဲ့ ကရင်အမျိုးသမီးတွေနဲ့ လက်တွဲပြီး ဒီကနေ့ မြင်တွေ့နေရတဲ့ KWO ကို သူ တည်ထောင်ခဲ့သူဖြစ်သလို အမျိုးသမီးတွေ ဦးဆောင်နေတဲ့ အားကောင်းတဲ့ ဒီအသိုက်အဝန်းကို တည်ဆောက်ခဲ့သူ ဖြစ်တယ်လို့ KWO က ဂုဏ်ပြုထားပါတယ်။ 

“သူ့ရဲ့အကြီးဆုံးစွမ်းအားကတော့ အမျိုးသမီးနဲ့ မိန်းကလေးအားလုံး အသက်အရွယ်မရွေး၊ နောက်ခံမရွေး ကြိုဆို၊ လက်ခံပြီး၊ ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ ခံစားမိအောင်၊ ပိုလုပ်နိုင်စွမ်း ရှိတယ်။ ပိုကောင်းအောင် လုပ်နိုင်တယ်။ ကြောက်စရာမလိုဘူးလို့ ခံစားမိအောင်အမြဲ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို သာတူညီမျှ ဆက်ဆံရင်၊ ဆုံးဖြတ်ချက်ချတဲ့အခါ အညီအမျှ ပါဝင်ခွင့်ပြုရင်၊ အမျိုးသားတွေနဲ့ တူညီတဲ့ လုပ်ပိုင်ခွင့် အာဏာပေးရင်း ကျမတို့ လူ့အဖွဲ့အစည်းအတွက် ပိုကောင်းမယ်ဆိုတာကို နားလည်ထားတဲ့အတွက် အမျိုးသမီးတွေကို မမှိတ်မသုန် သူ ပံ့ပိုးခဲ့တာဖြစ်ပါတယ်။ သူဟာ သဘာဝအတိုင်းကို မဝါဒီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား၊ ငြိမ်းချမ်းရေးဖန်တီးသူ၊ အားအလုံးအတွက် လူ့အခွင့်အရေးစောင့်ရှောက်သူတဦး ဖြစ်ခဲ့ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူစဉ်ကာလ အထူးသဖြင့် ၂၀၁၁ ခုနှစ်  မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်မှာ ဦးသိန်းစိန်အစိုးရနဲ့ စတင်ဆွေးနွေးရာမှာ ပါဝင်ခဲ့ပေမဲ့ သူဟာ မူဝါရေးရာမှာ ကျွမ်းကျင်ရပ်တည်သူဖြစ်တဲ့အတွက် စစ်တပ်က အချိန်မရွေး အာဏာပြန်ယူနိုင်ကြောင်း သတိပေးပြောဆိုခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလက အထွေထွေအတွင်းရေးမှူး ပဒိုနော်စီဖိုးရာစိန်ဟာ  ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုမှာ  သဘောထားတင်းမာသူလို့ ပဒိုနော်စီဖိုးရာစိန်ကို မကြာခဏ ခေါ်ဝေါ်လေ့ရှိပေမဲ့ သူဟာ အခြေခံမူတွေမှာ ရိုးရှင်းစွာ ခိုင်မာစွာရပ်တည်သူ ဖြစ်တယ်လို့ ကရင်အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့ နော်ကညောဖောက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

ကရင်သတင်းဌာန(KIC) အယ်ဒီတာချုပ် နန်းဖောဂေကလည်း “ဆရာမစီးဖိုရာဟာ တော်လှန်ရေးမိသားစုက ပေါက်ဖွားလာတဲ့အမျိုးသမီး ဖြစ်တယ်။ အရည်အချင်းရှိတယ်။ တည်ငြိမ်တယ်။ ဖြူစင်ဖြောင့်မတ်တယ်ပေါ့။ ကိုယ်ပိုင်အရည်အချင်းကိုလည်း အကောင်အထည် ဖော်သလို အများကို စာနာ နားလည်တတ်တယ်။ ကျောင်းဆရာမတယောက် ဆိုတဲ့အတိုင်းပဲ စေတနာ၊ အနစ်နာခံတာရှိတယ်။ ဆရာမလို ဘက်စုံအမျိုးသမီးခေါင်းဆောင် ပညာရေးပိုင်းဖြစ်စေ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဖြစ်စေ၊ နိုင်ငံရေး၊ အမျိုးသားတော်လှန်ရေး အဲဒီအခန်းကဏ္ဍအရာဖြစ်စေ ထူးချွန်ထက်မြက်တဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်တယ်။ ဒီလိုမျိုးရှားပါတဲ့ ခေါင်းဆောင် ဆုံးရှုံးရတဲ့အပေါ်မှာတော့ သူနဲ့နီးစပ်ရာ အသိုင်းအဝိုင်းမိသားစုမှမကဘူး၊ တော်လှန်ရေးအသိုင်းအဝိုင်း၊ ကရင်အမျိုးသမီးထုနဲ့ ကျန်တဲ့အမျိုးသမီးအသိုက်အဝန်းအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာ ကရင်နိုင်ငံရေးသမိုင်းမှာ  ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုတိယ ခေါင်းဆောင်တာဝန်ယူခဲ့တဲ့ ရှားရှားပါးပါး ပထမဆုံး အမျိုးသမီးခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းကတော့ နော်စီဖိုးရာစိန်ဟာ ပညာရေးကို လိုက်စားသူဖြစ်သလို မူကိုကျွမ်းကျင်သူ ဖြစ်တယ်၊ မူအတိုင်း လိုက်လျှောက်သူဖြစ်သလို  စုပေါင်းခေါင်းဆောင်မှုကို အလေးထားသူ ဖြစ်ကြောင်း အမှတ်တရ ပြန်ပြောပြပါတယ်။

“ဆရာမစီဖိုးရာပဲ ပြောပြော၊ ပဒိုနော်စီဖိုးရာစိန်ပဲ ပြောပြော သူ့ကို ၁၉၆၈ ခုနှစ်လောက်ကတည်း သူ ငယ်ငယ်လေးကတည်းက တွေ့ဖူးတယ်လေ။ ဖူးတာမလာဘောရဲ့ သမီးပေါ့နော်။ သူက ငယ်ငယ်ကတည်းက စာသင်ချင်စိတ် ရှိတယ်။ ဒါပေမဲ့ သူ့နေရာမှာ စာသင်ဖို့ အဲဒီအချိန်က ပြည်တွင်းစစ် ဖြစ်နေတယ်လေ။ အဲတော့ ဖူးတာမလာဘောကလည်း သူ့သမီးကို မော်လမြိုင်က အမျိုးတွေဆီမှာ ထားချင်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အမျိုးတွေဆိုရင် ရန်သူက ဖမ်းတယ်လေ။ အဲဒီတော့ မသွားရဲဘူး။ မသွားရဲဘဲ တောထဲမှာပဲသင်။ သူကလည်း သင်သလောက်လည်း တတ်တယ်။ အဲဒါနဲ့သူ တတ်လာတယ်။ သူက ပထမတော့ KWO ကရင်အမျိုးသမီးအစည်းအရုံးမှာ လုပ်တယ်။ အဲဒီကနေ သူက တက်လာ၊ တက်လာပြီးတော့ ပဒိုမန်းရှာ ဆုံးပြီးတဲ့နောက်ပိုင်းမှာ ကွန်ဂရက် ပြန်လုပ်တဲ့အချိန်မှာ သူ့ကို အထွေထွေအတွင်းရေးမှူး အနေနဲ့ တင်လိုက်တယ်လေ။ အဲဒီကနေ ၁၅ ကြိမ်မြောက်ကွန်ဂရက်မှာ ဒု-ဥက္ကဋ္ဌ အနေနဲ့တင်လိုက်တာ။ အဲဒါ ဒို့ ကေအန်ယူသမိုင်းမှာ ဗဟိုကော်မတီမှာ အမျိုးသမီးခေါင်းဆောင် ဒု-ဥက္ကဋ္ဌအထိ လုပ်တာဆိုရင် စီဖိုးရာစိန် တယောက်ပဲ ရှိသေးတယ်။ ဒါသမိုင်းမှာ သူ့ကို မှတ်တမ်းပြုထားရမယ်။ နောက် သူက သနားတတ်တယ်၊ အဘက်ဘက်ကို မြင်တယ်၊ စာနာမှုရှိတယ်၊ အဲဒါတော့ သူ့စိတ်ရင်းပဲ။ အဲဒီမှာ အရေးကြီးတာက သူက မူကိုကိုင်တယ်။ ကေအန်ယူရဲ့ မူလမ်းစဉ်ကို သေသေချာချာကိုင်ပြီး လုပ်တယ်။ စုပေါင်းခေါင်းဆောင်မှုကို ဦးစားပေးတယ်။ စုပေါင်းခေါင်းဆောင်မှုနဲ့ ဘာလုပ်မယ်၊ ဘာသွားမယ်ဆိုရင် အကုန်လုံးနဲ့ တိုင်ပင်ညှိနှိုင်းပြီး လုပ်တယ်။ သူက မူကိုကိုင်တာ။ အဲဒီတော့ သူ့နဲ့ မတည့်တဲ့သူတွေကတော့ မူနဲ့လမ်းစဉ်အတိုင်း မလုပ်တဲ့သူတွေက မတည့်ဘူး။ မူနဲ့လမ်းစဉ်အတိုင်း လိုက်သူတွေကတော့ သူနဲ့ ဘာပြဿနာမှမရှိဘူး။”

၂၀၂၁ ခု စစ်တပ်အာဏာသိမ်းချိန်မှာလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပျက်ပြယ်သွားပြီးဆိုပြီး ပထမဆုံး ရဲရဲဝံ့ဝံ့ကြေညာခဲ့သူ ဖြစ်သလို  NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေအနေနဲ့  ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

ပဒိုနော်စီဖိုးရာစိန်ကို ပြီးခဲ့တဲ့ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှာ  ပြန်လည်ပါဝင်စေချင်ခဲ့ကြပေမဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မပါဝင်နိုင်ခဲ့ဘူးလို့လည်း ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်သွားတာဟာ  ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ DVB ကို ပြောပါတယ်။

“ကျနော်တို့ ကရင်တမျိုးသားလုံးနဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအတွက်ကတော့ တကယ့်ဆုံးရှုံးမှုတခုပဲလေ။ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေတော့ အများကြီးပဲရှိတာပေါ့နော်။ ဒါပေမဲ့ တခုပဲ ပြောချင်တာကတော့ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကာလတလျှောက်လုံးမှာ ကြိုးပမ်းနေတဲ့အချိန်မှာ သတိပြုမိတာ တခုကတော့ သူဟာ မူဝါဒပိုင်းနဲ့ပတ်သက်ပြီး အင်မတန် တည်ငြိမ်ခိုင်မာတဲ့ ခေါင်းဆောင်တယောက်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုရပါတယ်။”

၁၉၈၈ အရေးအခင်းနောက်ပိုင်း ကရင်အမျိုးသမီးခေါင်းဆောင် နော်စီဖိုးရာစိန်နဲ့အတူ အလုပ်တွေ အများကြီး တွဲဖက်ဆောင်ရွက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မိဆူးပွင့်ကတော့ “ပဒိုနော်စီဖိုးရာစိန်ဟာ လေးစားရတဲ့ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်တယ်လို့ ပြောပါတယ်။ 

“ပဒိုနော်စီဖိုးရာစိန်ရဲ့ အားကောင်းချက်တွေ အများကြီးရှိပါတယ်။ ကျမ လေးစားတဲ့ အချက်တွေထဲက တခုက သူဟာ အများရဲ့ အမြင်သဘောထားတွေကို သေချာ နားထောင်တတ်တယ်။ သူတပါးရဲ့ အမြင်ကို လေးစားတယ်။ သူ့အမြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်အဖွဲ့အစည်းဆိုတဲ့ အစွဲမျိုးထက် မတူကွဲပြားမှုတွေနဲ့ အပြန်အလှန် အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုတွေအပေါ် ရပ်တည်တတ်သူ ဖြစ်တယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် သူလို နိုင်ငံရေးခေါင်းဆောင်တွေ တကယ် လိုအပ်နေချိန်မှာ သူ ကွယ်လွန်သွားတာ နှမြောတသခံစားရပါတယ်။”

KNU ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း  ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး နော်စီဖိုးရာစိန် ကွယ်လွန်ရတာဟာ ကရင်တိုင်းရင်းသား လူမျိုးတို့အတွက်သာမက မြန်မာတနိုင်ငံလုံးအတွက် အဖိုးတန်တဲ့ ခေါင်းဆောင်တဦး  ဆုံးရှုံးသွားရတာလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပဒိုနော်စီဖိုးရာစိန်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး  အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON) က အမျိုးသမီးငြိမ်းချမ်းရေးဆုကို  ပေးအပ်ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ သူ ရှင်သန် ဖြတ်သန်းခဲ့တဲ့ ဘဝလျှောက်လုံးမှာ တိုင်းပြည်ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေး၊ ပညာရေး၊ အမျိုးသမီးအရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သမိုင်းပေးတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ အများက လေးစားရတဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးခေါင်းဆောင်တဦးအဖြစ် ကမ္ပည်းတင် နာမည်ရှင်သန်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024