ကမ္ဘာတဝန်း နောက်လိုက်တွေ အများအပြားရှိသူ ဗြိတိန်အစွန်းရောက် အစ္စလာမ္မစ်တရားဟောဆရာ အန်ဂျန် ချောင်ဒရီဟာ လန်ဒန် တရားရုံးတခုမှာ ရုံးတင် စစ်ဆေးခံရပြီးတဲ့နောက် အကြမ်းဖက်ဝါဒ ပြစ်မှုနဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ PA Media က ဇူလိုင် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ချောင်ဒရီဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပိတ်ပင်ခံထားရတဲ့ အယ်လ်မူဟာဂျီရွန်းအဖွဲ့ကို ညွှန်ကြားခဲ့သူဖြစ်ပြီး တခြားအဖွဲ့ကို ထောက်ခံဖို့ အားပေး တိုက်တွန်းခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ စွဲချက်ကို ချောင်ဒရီက ငြင်းပါတယ်။
အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ချောင်ဒရီဟာ ဝူးလ်ဝစ်ချ် ခရောင်း တရားရုံးမှာ ရုံးတင် စစ်ဆေးခံရပြီးတဲ့နောက် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီဖို့ အစည်းအဝေးတွေမှာ မိန့်ခွန်းပြောရင်း အကြမ်းဖက်အဖွဲ့အစည်းကို ညွှန်ကြားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
တခါက ဗြိတိန်ရဲ့ နာမည်အကြီးဆုံး အစ္စလာမ္မစ်တရား ဟောဆရာ ချောင်ဒရီဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအဖွဲ့အတွက် အားပေးကူညီမှုကြောင့် ၂၀၁၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံထဲမှာ အကျဉ်းချခံခဲ့ရပြီးပါပြီ။ ၅ နှစ်ခွဲကြာ ထောင်ဒဏ်တဝက်ကို ကျခံရပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။
Source-Reuters