နိုင်ငံရေးပါတီ ၄ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး တရုတ်အစိုးရက ဖိတ်ခေါ်တဲ့ ခရီးစဉ်ဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အတွက်ဆိုပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၄ ခု ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတာပါ။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရက္ခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုရက်တစ်ပါတီ (ကျားဖြူ) တို့ကို တရုတ်အစိုးရက ဖိတ်ကြားထား တာဖြစ်ပါတယ်။
ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်အထိ သီတင်းတပတ်ကြာ တရုတ်နိုင်ငံကို သွားရောက်လေ့လာမယ့်ခရီးစဥ်မှာ လက်ရှိ စစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်တည်ရှိနေပြီး အရေးပါတယ်လို့ တရုတ်အစိုးရက ယူဆထားတဲ့ ပါတီ ၄ ခုရဲ့ ခေါင်းဆောင်တွေကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ထားတာပါ။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက"ကျနော်တို့က အကြမ်းမဖက်နိုင်ငံရေးအပေါ်မှာ ခိုင်ခိုင်မာမာ ယုံကြည်ပြီးတော့ ရပ်တည်တယ်။ ကျနော်တို့ ရှစ်လေးလုံးစလုပ်ခဲ့တဲ့ကိစ္စက နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့လုပ်ခဲ့တာ။ နိုင်ငံပျက်စီးဖို့ ဒီလိုအခြေအနေမျိုး ဒီလိုအချိန်မျိုးကို ဘယ်လိုနည်းနဲ့မှ ကျနော်တို့ စလုပ်ခဲ့တဲ့အခြေအနေမျိုးလည်းမဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရေးလမ်ကြောင်းပေါ် အတတ်နိုင်ဆုံး ပြန်ရောက်လာအောင်နဲ့ ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။ အဲ့ဒီတော့ ခုသွားနေတဲ့ပုံစံက ဒီအတိုင်းသွားရင် ကျနော်တို့ပြောနေကြတာရှိပါတယ်။ အစိတ်စိတ် အမွှာမွာပြိုကွဲသွားမယ့်အခြေအနေမျိုးကို ဒါကို အမြန်ဆုံးတားဆီးဖို့ ရပ်တန့်ဖို့ လိုတယ်လို့ မြင်ပါတယ်ဗျ”လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကိုသာ တရုတ်နိုင်ငံက ဖိတ်ခေါ်တာဖြစ်ပြီး မှတ်ပုံ ပြန်မတင်နဲ့ နိုင်ငံရေးပါတီတွေကိုတော့ ဖိတ်ကြားခြင်းမရှိပါဘူး။
စစ်ကောင်စီကော်မရှင်ထံမှာ မှတ်ပုံပြန်မတင်တဲ့ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပါတီရဲ့ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “တရုတ်က နိုင်ငံရေးပါတီ ၄ ခုကို ခေါ်ပြီးတော့ ဖိတ်ကြားတယ်ဆိုတာတော့ ကြားရတယ်။ သတင်းတွေ တွေ့ရတာပဲလေနော့။ ကျနော်သိသလောက်ကတော့ တရုတ်ကတော့ သူ့ရဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့သဘောထားပေါ့နော်။ အဲ့ဒါကို ရှင်းပြဖို့ခေါ်တယ်လို့ ဖိတ်ကြားတယ်လို့ ထင်ပါတယ်။ ကျနော်တို့ သေချာတော့ မသိပါဘူး။ FPNCC တုန်းကတော့ အချက် ၅ ချက်ကို တရုတ်ဘက်က ရှင်းပြခဲ့တာတွေတော့ ရှိခဲ့ပါတယ်။ သူ့နယ်စပ်မှာ တည်ငြိမ်အေးချမ်းဖို့ သူ့စီမံကိန်းတွေ သူ့နိုင်ငံသားအကျိုးစီးပွားတွေ မထိခိုက်ဖို့တို့ နောက်တခါ မြန်မာစစ်တပ်ကို ပြိုကွဲပျက်စီးအောင်လုပ်တဲ့ဟာ လက်မခံတဲ့အကြောင်း ပေါ့နော်။ နောက်တခါ ကျားဖြန့် မူးယစ်ဆေးဝါး စတာတွေကိုတိုက်ဖျက်တဲ့နေရာမှာ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အချက်တွေပေါ့ဗျာ။ နောက်တခါကြတော့ အနောက်နိုင်ငံတွေနဲ့ပေါင်းပြီးတော့ စစ်တပ်တွေဘာတွေ အဲ့ဒါမျိုးကို သူတို့ မကြိုက်ဘူးဆိုတဲ့အကြောင်းတွေပေါ့ အဲ့ဒါမျိုးတွေ ကြားရတယ်ပေါ့နော်။ ဒါပေမဲ့ အခုနိုင်ငံရေးပါတီတွေကိုလည်းဖိတ်ခေါ်တယ် ဆိုတဲ့အခါ ကြတော့ နိုင်ငံရေးပါတီတွေကိုလည်း ဒီအချက်တွေပြန်ရှင်းပြလိမ့်မယ်လို့တော့ ထင်တယ်။ ဒါကတော့ အထင်ပဲပေါ့ဗျာ နော့ ဘာမှတော့ သေချာမသိရပါဘူး။"
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြန်မာပြည်တွင်း စစ်ရေးအခြေအနေဟာချိန်ခွင်လျှာ ဘက်ပြောင်းခဲ့တာပါ။
စစ်ရေးအခြေအနေ အလားအလာအပေါ်မူတည်ပြီး စစ်ကောင်စီဘက်က သိမ်မွေ့တဲ့ နိုင်ငံရေးဘက်ခြမ်းကနေ အခြေအနေထိန်းချင်တာ ပုံမှန်သဘောသဘာဝသာဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
"စစ်တပ်က နည်းနည်းနောက်ဆုတ်ရင် နောက်ဆုတ်သလောက်ပေါ့တော့ ကျမတို့က ရှေ့တိုးပြီးလုပ်စရာရှိရင် လုပ်ရမှာပဲ။ စစ်ရေးယုံကြည်တဲ့သူကလည်း စစ်ရေးလုပ်ပေါ့။ ဒါကျမ တောက်လျှောက်လည်းပြောလာတာပါ။ နိုင်ငံရေးယုံကြည်တဲ့သူကလည်း နိုင်ငံရေးနည်းလုပ်ပေါ့။ တနေ့နေ့တချိန်ချိန် ကျမတို့ပြည်သူလူထုအတွက်လုပ်ငန်းတွေလုပ်ရင်းနဲ့ တနေရာမှာ ဆုံမှာပေါ့ဗျာ။"
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူ ၅ ချက်( ဘန်ဒေါင်းမူ ၅ ချက်)ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို တရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ သမ္မတဟောင်းဦးသိန်းစိန်တက်ရောက်ခဲ့ပါတယ်။
ဇွန် ၂၈ ရက် အခမ်းအနားနေ့မှာ တရုတ်သမ္မတရှီကျင်းဖျင်က ဦးသိန်းစိန်ကို နေရာပေးဆက်ဆံမှုပြုလုပ်ခဲ့သလို ဇွန် ၂၉ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံရာမှာလည်း ဝမ်ယိက ဦးသိန်းစိန်နဲ့တွေ့ဆုံမှုကို မိတ်ဆွေဟောင်းနဲ့ တွေ့ဆုံမှုလို့ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ခြေလှမ်းတွေဟာ သူတို့ရဲ့မဟာဗျူဟာပေါ်ကနေသာ ပုံမှန်လည်ပတ်နေတာဖြစ်ပြီး နိုင်ငံရေးအရ အသာစီးယူချင်ရင် တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရအသာစီးယူထားနိုင်ဖို့ကိုသာ ကြိုးစားထားရမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
သုတချမ်းသာ