ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ယာဉ်လမ်းကြောင်းအတိုင်း မောင်းနှင်ခြင်းမပြုပါက ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC (အဝေးပြေး) ကနေ သိရပါတယ်။
ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၁၀ လိုင်းအနက် ယာဉ်လိုင်း ၉ လိုင်းမှာ စော်ဘွားကြီးကုန်း ဂိတ်စနေရာအစား အောင်မင်္ဂလာအဝေးပြေး ဂိတ်စအဖြစ် လမ်းကြောင်းပြောင်းလဲ ပြေးဆွဲသွားရမှာဖြစ်တယ်လို့ YRTC ကော်မတီဝင်တဦးက ပြောပါတယ်။
“ပဲခူးကနေ အောင်မင်္ဂလာအဝေးပြေးအထိ အမှတ် ၃ လမ်းမကြီးအတိုင်း ပြေးဆွဲကြရမှာပါ။ အခုလို လမ်းကြောင်းပြောင်းလဲ သတ်မှတ်လိုက်တဲ့အတွက် စော်ဘွားကြီးကုန်းမှာ ယာဉ်ကျပ်တည်းတာတွေ မဖြစ်တော့ဘူး။ အဲလိုမဟုတ်ဘဲ စော်ဘွားကြီးကုန်းကို သွားပြီး ခရီးသည်တင်ဆောင်တာတွေ ပြုလုပ်ခဲ့ရင် ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။”
ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ ပဲခူးအခြေစိုက် ယာဉ်လိုင်းတွေဖြစ်တဲ့ မိုးမခ၊ MTC၊ အမှတ် ၅၊ အမှတ် ၆၊ ဥဿာ၊ ကြံတိုင်းအောင်၊ ဖြိုး၊ လင်းရောင်ခြည်၊ မင်းမကိုဋ် စတဲ့ယာဉ်လိုင်း ၉ လိုင်းမှာ ပဲခူးကထွက်ခွာလာပြီးနောက် ရန်ကုန် မင်္ဂလာဒုံဈေးကတဆင့် ပဲခူးယာဉ်ရပ်နားစခန်း (ရန်ကုန်) ကို ဝင်ရောက်ရမှာဖြစ်ပြီး ကျန်တဲ့ ရန်ကုန်-ပဲခူး ယာဉ်လိုင်းတလိုင်းကတော့ မူလအတိုင်း ဒဂုံဧရာ အဝေးပြေးဂိတ်စကနေ ပြေးဆွဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အဲဒီယာဥ်လိုင်း ၉ လိုင်းအနေနဲ့ ပဲခူးကို ပြန်လည်ထွက်ခွာရာမှာ ပဲခူးယာဉ်ရပ်နားစခန်း (ရန်ကုန်) မှ စတင်ထွက်ခွာပြီး ဗိုလ်ခြံလမ်း၊ နွယ်ခွေလမ်းတို့က သွားရမှာဖြစ်ပြီး မင်္ဂလာဒုံမှာ ဂိတ်ထိုးခွင့်မရှိတော့ကြောင်း သိရပါတယ်။
အောင်မင်္ဂလာအဝေးပြေးယာဉ်ဝင်းနဲ့ ကပ်လျက် တည်ဆောက်ထားတဲ့ ပဲခူး-ရန်ကုန် ပြေးဆွဲမယ့် ပဲခူးယာဉ်ရပ်နားစခန်း (ရန်ကုန်) ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်-ပဲခူး ယာဉ်စီးခနှုန်းထားမှာ ဂိတ်စ ဂိတ်ဆုံး ကျပ် ၃,၀၀၀ ဖြစ်ပြီး သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံတာတွေ လုပ်ဆောင်ခဲ့ပါက အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC(အဝေးပြေး) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။