အာဖရိကတိုက် မြောက်ပိုင်းနဲ့ အလယ်ပိုင်း လမ်းဆုံဖြစ်တဲ့ ချဒ်နိုင်ငံရဲ့ မြို့တော် အန်ဂျမီနာမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းမီးကျောက် ကုန်လှောင်ရုံတခု ဇွန် ၁၈ ရက် ညပိုင်းက မီးလောင်ခဲ့ပါတယ်။
ဒါကြောင့် အားပြင်းတဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး မီတာ ၁၀၀ အကွာက ဆေးခန်းတခု ပျက်စီးခဲ့ပါတယ်။
လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၄၆ ဦးထက်မနည်း ရှိပေမဲ့ ဆေးခန်းကတော့ အရေးပေါ် ရွှေ့ပြောင်းမှုကြောင့် လူနာတွေနဲ့ ဝန်ထမ်းတွေ ထိခိုက်သေဆုံးကြောင်း အစီရင်ခံတာ မရှိခဲ့ပါဘူး။
အက်စ် ဆာလမ် ဆေးခန်းဟာ ပေါက်ကွဲမှုတွေရဲ့ အကျိုးဆက်ကို ခံခဲ့ရပြီး ဆေးခန်း အဆောက်အဦ တဝက်လောက် ပျက်စီးသွားတယ်လို့ မန်နေဂျာ မဟာမွတ် ဟာမစ်က သတင်းပေးပို့ခဲ့ပါတယ်။
“လူသေဆုံးမှု မရှိခဲ့ပေမဲ့ ဝန်ထမ်းတွေနဲ့ လူနာအားလုံးကို ချက်ချင်း ကယ်ထုတ်ခဲ့ရပါတယ်” လို့ ဟာမစ်က ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
မီးလောင်မှုကြောင့် ညကောင်းကင် လင်းထိန်သွားခဲ့ပြီး အနီးနားပတ်ဝန်းကျင်ကို အမြောက်ကျည်ဆန်တွေ ရွာကျသလို ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် ဆေးခန်းရဲ့ စက်ကိရိယာတွေနဲ့ အဆောက်အဦတွေ အပြင်းအထန် ထိခိုက်ခဲ့ပါတယ်။
Source-Reuters