မိတ်ဆွေတယောက်ကို ကဗျာပေးဖတ်မိလို့ ထောင်ကျသွားတဲ့ စာရေးဆရာ
DVB
·
September 6, 2014
မြောက်ကိုရီးယားကဗျာဆရာ မြောင်ဟက်ဒိုကို သရော်ကဗျာ နှစ်ပုဒ် ရေးသားမှုအတွက် ထောင်ချခဲ့ပါတယ်။ "ငရမန်ကန်းလည်း စစ်မှုထမ်းစေ" ဆိုတဲ့ ကဗျာက မဖြစ်မနေစစ်မှုထမ်းနေရတဲ့ မျက်စိတဖက်လပ် စစ်သည် တဦးရဲ့ တကယ့်အဖြစ်ကို ရေးဖွဲ့ထားတာပါ။ ကျန်တဲ့တဖက်နဲ့ သေနတ်ပစ်လို့ရတယ်ဆိုပြီး သူ့ကိုသွင်းခဲ့တာပါ။ ဒီကဗျာကို ထုတ်ဝေခဲ့ခြင်း မရှိပေမယ့် နောက်မှသူလျှိုဖြစ်မှန်းသိရတဲ့ မိတ်ဆွေတဦးကို ပေးဖတ်ခဲ့မိတာလို့ ဆိုပါတယ်။
မကြာခင်က ဂျကာတာကို ကဗျာဆရာလာရောက်တဲ့ ခရီးစဉ်အတွင်း အာရှဒေသသတင်းဆောင်းပါးအစီအစဉ်အတွက် သတင်းထောက် ဗစ်ထရီအန်ဂရီနီက သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒီမိတ်ဆွေနဲ့ပတ်သက်လို့ ဘယ်လိုခံစားမိလဲ။
''ကျနော့်သတင်းကိုတင်ပြခဲ့တဲ့ ပုဂ္ဂိုလ်လည်း အာဏာပိုင်တွေနဲ့ပြဿနာတက်တယ်လေ။ သူ့ဘ၀ လွတ်လမ်းအတွက် တဖက်လူကို ဖော်ကောင်လုပ်ဖို့ ဆုံးဖြတ်တာကိုက သူ့အမှားပဲ။ အစတုန်းက လက်စားချေတဲ့အနေနဲ့ သူ့ကိုသတ်ဖို့ကို စဉ်းစားတာ။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံကို ပြောင်းသွားတဲ့အချိန်မှာ အဲ့တုန်းကအဖြစ်ကို ပြန်စဉ်းစားတော့ သူဘာလုပ်ခဲ့တယ်ဆိုတာ သဘောပေါက်သွားပြီးတော့ အဲဒီအချိန်တုန်းက သူ့အခြေအနေကိုပါ နားလည်သွားတယ်။''
ခင်ဗျား ထောင်ကျတော့ ဘာတွေကြုံခဲ့ရလဲ။
''ကျနော့်ကို ထောက်လှမ်းရေး အေဂျင်စီက ထိန်းသိမ်းရေးစခန်းမှာထားတာဆိုတော့ ထောင်လို့တော့ မဆိုနိုင်ဘူး။ အစက အဲဒီမှာ အကြာကြီးချုပ်ထားမယ်မထင်ဘူး။ နောက်မှ အချုပ်ရက်က တိုးတိုး တိုးတိုးလာတယ်။ ပထမ ၃ နှစ်အတွင်း ကျနော့်ကို စစ်ကြတာပေါ့ဗျာ။ ကျနော့်ကို အခြားလူတွေလို တအားနာကျင်အောင် ရိုက်တာနှက်တာတော့ မလုပ်ပါဘူး။ ရိုက်တော့ရိုက်တယ်။ သိပ်မပြင်းဘူး။ ဒါကို ကျနော်ခံနိုင်ပါတယ်။ အဆိုးဆုံးက အစားအသောက်နဲ့ အိပ်ရေးပျက်တဲ့ဒဏ်ပဲ။ သူတို့က ကျနော့်ကို ပေးလည်းမကျွေး၊ ပေးလည်းမအိပ်ဘဲ ရက်အကြာကြီး ထားထားတာ။ အဆိုးဆုံးက ကျနော့်မိသားစုအကြောင်းကို လိမ်ပြောတာပဲ။ ဒါဟာ ရက်စက်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တခုပဲ။''
ခင်ဗျားလွတ်လွတ်ချင်း ကဗျာပြန်ရေးဖြစ်သေးလား။
“လွတ်လာတော့ ကဗျာပြန်မရေးနိုင်ဘူး။ အာဏာပိုင်တွေက ကျနော့်အိမ်နီးချင်းတွေကတဆင့် အချိန်ပြည့် စောင့်ကြည့်နေတာ။ ကျနော့်ကျန်းမာရေးကလည်း ချူချာလာတယ်။ အရင်ဆုံး ကျန်းမာအောင်လုပ်ရမယ်လေ။ ပြန်ကျန်းမာလာရော ထွက်ပြေးဖို့ ဆုံးဖြတ်ပြီး အဲဒီနိုင်ငံကထွက်လာခဲ့တာ။”
အခု ခင်ဗျားက ဆိုးလ်မှာနေပြီး စာပြန်ရေးနေပြီဆိုတော့ ခင်ဗျားစာထဲမှာ ဘယ်လိုအကြောင်းအရာတွေကို ဖော်ထုတ်လေ့ရှိလဲ။
“မတူတဲ့အကြောင်းအရာတွေ အများကြီးပဲ။ များသောအားဖြင့်တော့ မြောက်ကိုရီးယားက ဘ၀တွေအကြောင်း ရေးဖြစ်တယ်။ နောက်ပြီးတော့ ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းခြင်းပေါ့။ ကဗျာကတော့ အမြဲရေးဖြစ်ပေမယ့် ၀တ္ထုတွေ၊ တခါတရံ အက်ဆေးတွေနဲ့ သတင်းကော်လံလေးတွေ ရေးဖြစ်ပါတယ်။''
မိသားစုက မြောက်ကိုရီးယားမှာပဲလား။ ဒါမှမဟုတ် တောင်ကိုရီးယားမှာ ခင်ဗျားနဲ့အတူနေတာလား။
“မြောက်ကိုရီးယားကနေ တယောက်တည်းထွက်လာတာ။ ဒါပေမယ့် ငွေလေးစုမိတဲ့အခါကျရင် မိသားစုကို တယောက်ပြီးတယောက် ဒီကိုခေါ်နိုင်မှာပါ။ ခုတော့ ကျနော့်မိသားစုတစုလုံး မြောက်ကိုရီးယားမှာ အန္တရာယ်ကင်းကင်းနဲ့ နေနေကြပါတယ်။”
ခင်ဗျားကို ဘာကြောင့် ထိန်းသိမ်းရတယ်ဆိုတာကို သူတို့က ပြောပြသေးလား။
“ကျနော့်ကို စစ်တဲ့လူကတော့ပြောပြတယ်။ နိုင်ငံနဲ့လူမျိုးကိုဝေဖန်တဲ့ပြစ်မှုကို ကျူးလွန်လို့တဲ့။ ကျနော့် ကဗျာကို အစိုးရဆန့်ကျင်ရေး ၀ါဒဖြန့်စာပေလို့ ခေါ်တယ်တဲ့။”
ခုဆိုရင် ဗစ်ထရီအန်ဂရီနီဟာ တောင်ကိုရီးယားမှာ အခြေစိုက်တဲ့ အဝေးရောက်မြောက်ကိုရီးယား စာရေးဆရာများကလောင်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်နေပါပြီ။