စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တောင်ခြမ်း ဇီးတောအနောက်ရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂၉ ရက် ၁၀ နာရီကျော်က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မုံရွာမြို့နယ် ဖန်ခါးကျင်းရွာကနေ လာရောက်ပြီး မီးရှို့သွားတာလို့ ဆိုပါတယ်။
ဇီးတောရွာသာတဦးက “ရွာက လူတွေကတော့ သူတို့ လာပြီဆိုကတည်းက အကုန်ထွက် ပြေးနိုင်လို့ လွတ်ခဲ့တယ်။ ရွာကို မီးရှို့တာက တိုက်ပွဲတော့ မဖြစ်ဘူးရယ်။ သူတို့ ရွာကို မီးရှို့လို့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက စိတ်တိုပြီး လက်နက်ကြီးတွေနဲ့ ရွာအပြင်ကနေ ပစ်တာတော့ ရှိခဲ့တယ်။ အခုတော့ ရွာသားတွေ မီးငြှိမ်းနေကြပြီ။ မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေတွက်ကတော့ ခန့်မှန်း ၆၀ လောက် ရှိမယ် ထင်တယ်။ အတိကျတော့ မရေတွက်နိုင် သေးဘူး။ မီးကို အရင်ငြှိမ်းနေရတယ်” လို့ ပြောပါတယ်။
ဘုတလင်-မုံရွာသွားကားလမ်းဘေးတလျှောက် အိမ်ခြေ ၅၀၀ နီးပါရှိတဲ့ ဇီးတာရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ် ၁၂ ရက်က လူနေအိမ် ၅၅ လုံး၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၈ ရက်က လူနေအိမ် ၂ လုံး၊ အခုတကြိမ်မှာ လူနေအိမ် ၆၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဇီးတောရွာသားများစုဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ကောင်းမွန်စွာ မလုပ်ရတာကြောင့် ဒေသခံတွေ စာဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီက စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“အင်အား ၁၀၀ ကျော်လောက်ပါမယ်။ တပ်မ ၇၇ က စစ်သားတွေနဲ့ ပုလဲမြို့မရဲစခန်းက ရဲတွေ ရောပါတယ်လို့ သိထားရတယ်။ မြို့ပေါ်ရဲစခန်းကို ရဲမိသားစုဝင်တွေရဲ့ သားသမီးတွေကို စစ်ယူနီဖောင်းဝတ်ပြီး စခန်းအစောင့်ထားခဲ့ကြတယ်။ အခုစစ်ကြောင်းနဲ့က မနေ့က နေ့ခင်း ၁၁ နာရီလောက်ကတည်းက တိုက်လိုက်၊ နားလိုက်ဖြစ်တာပါ။ ညနေ ၆ နာရီတိုက်ပွဲကတော့ အတော်ပြင်းထန်တယ်။ အထိခိုက်ကတော့ ကျနော်တို့ဘက်က မရှိဘဲ စစ်ကောင်စီဘက်က ရဲနှစ်ယောက်ကျဆုံးတယ်”လို့ ပုလဲမြို့နယ် ကျာသစ်နက်တပ်မတော် တပ်ရင်းမှူး ကိုဥက္ကာက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တောင်ရွာသစ် ကျေးရွာကပြည်သူတွေရဲ့ နေအိမ်ကို မီးရှို့ပြီး အင်မထီးရွာဘက် ထပ်မံစစ်ကြောင်းထိုး သွားတယ်လို့လည်း သိရပါတယ်။
အခုတိုက်ပွဲကို ကျာသစ်နက်တပ်မတော်၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။