Home
မြန်မာသတင်း
မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်မှု အကျည်းတန်သည့် လုပ်ရပ်ဟု စစ်သုံ့ပန်း အရာရှိပြော
DVB
·
February 29, 2024
minbu 2922024

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုတွေအပါအဝင်ပြည်သူတွေ ဆေးကုသမှု ခံယူနေကြတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ  မင်းဖူးဆေးရုံကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာဟာ တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်နစ်တာစေပြီး ဒါဟာ အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခလလ(၂၉၉)တပ်ရင်း စစ်သုံ့ပန်း အရာရှိစစ်သည်တွေက ပြောပါတယ်။

အလင်းဝင်လာတဲ့ ခလလ(၂၉၉) တပ်ရင်းက အရာရှိစစ်သည်တွေရဲ့ ပြောကြားချက်တွေကို ရက္ခိုင့်တပ်တော်(အေအေ)က ရုပ်သံအင်တာဗျူးတွေနဲ့ အတူ ဖေဖော်ဝါရီ ၂၉ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်လာတာပါ။

အရပ်သားပြည်သူတွေကို ကုသပေးနေတဲ့ ပြည်သူ့ဆေးရုံတွေကို အငြိုးအတေးနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာဟာ စစ်ဥပဒေနဲ့လည်း မညီညွတ်ကြောင်း ခ.လ.ရ ၂၉၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းက ပြောပါတယ်။ 

ရခိုင်ဒေသမှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေ၊ အရပ်သားတွေရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေတာဟာ တပ်မတော်အတွက် အကျည်းတန် အရုပ်ဆိုးစေပြီး ဂုဏ်သိက္ခာလည်း ကျဆင်း စေကြောင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းကလည်း ပြောပါတယ်။

အဲဒီ့အရာရှိ နှစ်ယောက်လုံးကတော့ ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ မင်းဖူးဆေးရုံမှာ အေအေက စီစဉ်ပေးမှုနဲ့ ဆေးကုသမှုခံယူပြီးနောက်  မင်းဖူးဆေးရုံလေကြောင်း တိုက်ခိုက်မှုမဖြစ်ခင် ရက်ပိုင်းမှာ ဆေးရုံက ပြန်ဆင်းခဲ့တာပါ။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ သေကံကျေးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024