စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၆ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီတပ်က မီးရှို့ပြီး တောင်သူ ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းကနေ မြောင်မြို့နယ် ရွှေပေါက်ပင်ကျွန်းရွာကို စစ်ကြောင်းထိုးလာရင်း အခုလို မီးရှို့တာလို့ ဆိုပါတယ်။
ရွာသားတဦးက “သူတို့က ၆ နာရီလောက် ဝင်လာတယ်၊ ၆ နာရီခွဲလောက်ရောက်တော့ မီးရှို့တယ်။ ဘာတွေရှို့တာလဲဆိုတော့ ပြောင်းဖူးအခင်းတွေ၊ ပြောင်ဖူးခင်းစောင့်တဲ့ တောတဲတွေကို ရှို့နေတာဗျ။ နောက်ပြီးတော့ ကျွန်းမှာ အလုပ်လုပ်နေတဲ့ တောင်သူအမျိုးသား ၇ ဦးကိုပါ ဖမ်းဆီးသွားတယ်။ ကျန်တဲ့ပြည်သူတွေကတော့ မြောင်ဘက် ထွက်ပြေးနေကြရတယ်။ ကျွန်းကို ဘယ်သူမှ မပြန်ရဲသေးတော့ တဲဘယ်နှလုံးမီးရှို့ပြီး အခင်းဘယ်နှခင်း မီးရှို့တယ်ဆိုတာ မသိရသေးဘူဗျ” လို့ ပြောပါတယ်။
ရွှေပေါက်ပင်ကျွန်းဟာ မြောင်မြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်အစပ် ဧရာဝတီမြစ်ဘေးမှာရှိပြီး ရွှေပေါက်ပင်ရွာသားအများစု သွားရောက်စိုက်ပျိုးရေးလုပ်တဲ့ ကျွန်းဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ မြောင် CDSOM အဖွဲ့ အပါအဝင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။