ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ဒေသခံထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ဆိပ်မူကျေးရွာအုပ်စု ရှမ်းကုန်းဈေးကို ဈေးလာဝယ်စဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် ၈ နာရီလောက်က ဖြစ်သွားတာ။ ရဲတွေ ဈေးလာဝယ်ရင်း PDF နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ကြတာ။ ရဲက ၇ ဦးလောက်ရှိတယ်။ ရဲတယောက်ကို PDF ဘက်က ဖမ်းသွားတယ်။ ရဲ နှစ်ဦး သေသွားတာ၊ သေသွားတာ အရာရှိလို့ ပြောကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း ၃၀ က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့ ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးရဲ့ အလောင်းကို နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်သယ်ဆောင်သွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်ကလည်း ဆိုင်းတောင်ကျေးရွာမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။