မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ အသက် ၁၄ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက် ၂ နာရီလောက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ရွာတော်ကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးရဲ့ အဘွားဖြစ်သူ ခြေထောက်ပြတ် ဒဏ်ရာနဲ့ အမေဖြစ်သူ ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စဉ့်ကူးမြို့နယ်က ရွာသာရွာနဲ့ ငှက်သားရွာထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက် ညနေကစပြီး စဉ့်ကူးမြို့နယ်၊ တောင်အင်းပျူစောထီးရွာက စစ်ကောင်စီ တပ်သား အင်အား ၇၀ ကျော်ဟာ စားကျက်ကြီးရွာနဲ့ စားကျက်ကုန်းရွာကို ရောက်ရှိလာပြီး နီးစပ်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
Wetlet Information Network က ကိုနဂါးလေးက “တောင်အင်းကနေ စားကျက်ကြီးရွာကို လာပြီးတော့မှ စားကျက်ကြီးရွာရဲ့တောင်ဘက် စားကျက်ကုန်းရွာမှာ ၂၄ ရက် ညကတည်းက ၁၂၀ နဲ့ ၈၁ နဲ့ နှစ်ပြောင်းညှပ်ထုတာဗျ၊ ရွာတော်ရွာက ၁၄ နှစ်ကလေး သေပြီး၊ သူ့ရဲ့အဘွား ခြေထောက်ပြတ်တယ်ဗျ၊ ကလေးရဲ့အမေလည်း ခေါင်းကျွံတယ်။ သူတို့က မိသားစုလိုက် ဖြစ်သွားတာ၊ စဉ့်ကူးမြို့နယ်ထဲ တခြားရွာတွေကိုလည်း လက်နက်ကြီးကျတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ရွာက ပြည်သူ ၁ ဦးလည်း လက်နက်ကြီးစ ထိမှန်လို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။