Home
မြန်မာသတင်း
မြိတ်မြို့တွင် ဗုံးပေါက်ကွဲပြီး   လူ  ၂ ဦး သေဆုံး
DVB
·
February 22, 2024
bomb 2222024

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီကျော်က ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး လူ၂ ယောက် သေဆုံးကာ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြိတ်မြို့ ကမ်းနားလမ်းက Seaview Condo ဘေးလမ်းမှာ ဖွင့်လှစ်ထားတဲ့ Level 3 Bar ရှေ့မှာရှိတဲ့ အမှိုက်ပုံနဲ့ ဘုံပျံလမ်းမှာရှိတဲ့ အုပ်ချုပ်ရေးရုံးအပြင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ လေတပ်နားမှာ ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ 

အဲဒီလို ပေါက်ကွဲခဲ့ပြီးတဲ့နောက် လူနာတင်ကားတွေနဲ့ အရေးပေါ် မီးသတ်ကားတွေက သွားရောက်ခဲ့ကြပြီး ပေါက်ကွဲသံက တော်တော်ကျယ်ကာ နေအိမ်တွေတောင် တုန်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။  

Level 3 Bar ရှေ့မှာရှိတဲ့ အမှိုက်ပုံကနေတဆင့် ပေါက်ကွဲမှုမှာ ဒေသခံ ကိုသားကြီး ခေါ် မိတ်ကပ် ရတီက ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး တခြားလူတွေက ဒဏ်ရာ ရရှိခဲ့ကာ နောက်ထပ် သေဆုံးသူကိုတော့ အတည်ပြုဖို့ကြိုးစားနေတယ်လို့  ဒေသခံ တဦးက ဆိုပါတယ်။

အခုဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာကိုတော့ DVB အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးက Seaview Condo ဟာ စစ်ကောင်စီနဲ့ နီးစပ်မှုရှိပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းစုတွေကို လွှမ်းမိုးလုပ်ကိုင်နေတဲ့ အဖွဲ့စည်းလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်က  မြိတ်မြို့နယ်မှာ စစ်ကောင်စီ ထောက်ခံသူတွေက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲဆိုပွဲ ကျင်းပခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024