မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်၊ ရွှေနတ်တောင်ရပ်နေ အမျိုးသမီးတယောက်ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မှတ်ချက်ရေးသားခဲ့မှုနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက အမှုဖွင့်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မော်လမြိုင် ရွှေနတ်တောင်ရပ်မှာ နေထိုင်တဲ့ မသီရိရတနာမောင်ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ PDF ထောက်ခံတဲ့ မှတ်ချက်တွေ ရေးသားတယ်ဆိုပြီး ဝါဒဖြန့် တယ်လီဂရမ်တွေက ဖြန့်ပြီးနောက် စစ်ကောင်စီက လာဖမ်းပေမဲ့ အချိန်မီ ရှောင်တိမ်းနိုင်တာကြောင့် လွတ်မြောက်သွားခဲ့ပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီတိုင်းလေးရေးတာကို စစ်တပ်ချန်နယ်တွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဖမ်းခိုင်းတဲ့ပို့စ် တင်လိုက်တာ။ အမကတော့ သူတို့တင်တာတွေ့တဲ့သူတွေ သတိလာပေးတာကြောင့် အချိန်မီ ရှောင်တိမ်းနိုင်လို့ လွတ်မြောက်သွားပါတယ်။ အခု သူတို့ကတော့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
မသီရိရတနာမောင်ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အကြမ်းဖက်အဖွဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်တည်ငြိမ်ပျက်ပြားရေးတို့ကို ထိခိုက်စေတဲ့ စားသားတွေ တင်တဲ့အတွက်ဆိုပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ကွက် အင်းလျားလမ်းသွယ်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက PDF သင်တန်းတက်ခဲ့ဖူးတယ်လို့ စွပ်စွဲဖမ်းဆီးပြီး ၅၀၅-က နဲ့ အမှုဖွင့်ခဲ့ပါတယ်။