ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကနေ ဖားကန့်မှာ အလုပ်သွားလုပ်တဲ့ မြိုတိုင်းရင်းသား လူငယ် ၄ ဦးကို ကချင်ပြည်နယ် မိုးကောင်းမြို့ စစ်ကောင်စီဂိတ်ကနေ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ မိုးကောင်းမြို့ကနေ ဖားကန့်ဘက်အထွက် လမ်းဆုံ စစ်ကောင်စီဂိတ်မှာ မှတ်ပုံတင်စစ်ဆေးနေရင်း မြိုတိုင်းရင်းသား လူငယ် ၅ ဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ ၅ ဦးထဲက အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး အသက် ၁၉ နှစ်ကနေ ၂၉ နှစ်အကြား အမျိုးသား ၄ ဦးကိုတော့ လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောက်တော်မြို့နယ် မင်းတုန်ရွာမှာ နေထိုင်တဲ့ နေမျိုးထက်၊ နောဧ၊ ရဲလင်းကျော်နဲ့ ကျော်ကျော်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ နေထိုင်တဲ့ မင်းတုန်ကျေးရွာကတဆင့် ကျောက်တော်မြို့၊ ကျောက်တော်မြို့ကနေ စစ်တွေမြို့၊ စစ်တွေမြို့ကတဆင့် လေယာဉ်နဲ့ ရန်ကုန်မြို့၊ ရန်ကုန်မြို့ကတဆင့် ကားနဲ့ ဖားကန့်ကိုအသွား မိုးကောင်းမြို့အထွက်မှာ ဖမ်းဆီးခံလိုက်ရတာလို့လည်း သိရပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက “၄ ယောက်ကျန်ခဲ့တယ်၊ အစကတော့ ယောကျ်ားလေးတွေဆိုတော့ ဘယ်ကလာသလဲဆိုတာ စစ်ဆေးပြီးတော့မှ ၃၉ နှစ်တယောက်ကို အသက်ကြီးတယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့သူတွေကတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ထားတာ။ တခြားသူတွေလည်း စစ်ဆေးစရာရှိတယ်ဆိုပြီး ပြန်လွှတ်တာတဲ့၊ သူတို့ကိုတော့ မလွှတ်သေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၄ ဦးကို မိုးကောင်းမြို့ ခလရ-၃၈၁ တပ်ရင်းထဲမှာ ထားရှိပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရသလို ဘာကြောင့်ထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။