တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရာ မူဆယ် ကျင်စမ်းကျော့မှာ ပိတ်မိသောင်တင်နေတဲ့ ကုန်တင်ကားတွေ ပြန်ပေးဆွဲခံနေရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နယ်စပ် လုပ်ငန်းရှင် အမျိုးသမီးတဦးက"ကျနော့်ကားလည်း တစီး ပြန်ပေးဆွဲခံထားရတယ်။ ပိုက်ဆံနဲ့ ရွေးခိုင်းနေတာ မရွေးရသေးဘူး။ မျက်နှာလာပြလို့ ခြိမ်းခြောက်နေတာ။ ဘာလို့ လာပြရမှာလဲ။ ပြစရာ အကြောင်းမရှိဘူး။ အဲဒီကားယူသွားတဲ့ လူက ကျင်စန်းကျော့က ရှမ်းတယောက်နဲ့ နမ့်ခမ်းက တရုတ် တယောက်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မူဆယ် အပါအဝင် နယ်စပ်တကြောက ကုန်သည်၊ လုပ်ငန်းရှင်တွေ မကြာခဏ ပြန်ပေးဆွဲခံရလို့ လုပ်ငန်းရှင်တွေ တရုတ်ဘက်ခြမ်း ပြောင်းရွှေ့နေထိုင်သွားကြတဲ့နောက် မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ဘက်မှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေကိုပါ ပြန်ပေးဆွဲလာတာလို့ ဆိုပါတယ်။
ကျင်စန်းကျော့ ဒေသခံ အမျိုးသားတဦးက "ကားမပြောနဲ့ ကားသော့ တချောင်းတောင် သိန်း ၅၀ လောက် တောင်းတယ်။ ဘယ်အဖွဲ့လဲဆိုတာ မသိရဘူး။ အပြင်က နာမည်ခံ အယောင်ဆောင်တွေ လုပ်စားနေတာ။ ဟုတ်တယ်။ တချို့တွေ ကားသော့တောင် သိန်း ၅၀ နဲ့ ရွေးရတယ်" လို့ ပြောပါတယ်။
ကျင်စန်းကျော့နဲ့ ၁၀၅ မိုင်ဘက်တွေမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ၊ တွဲကားခေါင်းတွေလည်း ပျောက်ဆုံးမှုရှိလာပြီး ကုန်သည်၊ လုပ်ငန်းရှင်၊ ကားပိုင်ရှင်တွေအနေနဲ့ စစ်ကောင်စီအပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို အခွန်ဆောင်ထားပေမဲ့ ဘယ်အဖွဲ့အစည်းကမှ အကူအညီ မရဘူးလို့ ဆိုပါတယ်။
ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက"မူဆယ်မှာ ပြန်ပေးဆွဲ လုပ်တာက ပြည်သူ့စစ်တွေ အများဆုံးပဲ။ ၂ ဖွဲ့ မိထားတယ်။ တဖွဲ့က နမ်ဂျောန်ပြည်သူ့စစ်အဖွဲ့က၊ နောက်တဖွဲ့က ၃၈ မိုင် မန်ပြိန်းက ပြည်သူ့စစ်အဖွဲ့ထဲက။ ပြည်သူ့စစ်ဆိုတာ ပြည်သူကို အကျိုးပြုရမှာလေ။ အခု ဒီ မူဆယ်က ပြည်သူ့စစ်အဖွဲ့တွေက မာဖီးယားဂိုဏ်းတွေပဲ" လို့ ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် MNDAA ပူးပေါင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေကြောင့် ပြည်ထောင်စုလမ်းမကြီး ပိတ်လိုက်လို့ ကုန်တင်ကားတွေ သွားလာမရတော့ဘဲ ပိတ်မိနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ဆဲဗင့်ဟွာကျင့် ကားကွင်းမှာ ကုန်တင်ကား ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး သိန်းပေါင်း သိန်းချီ ဆုံးရှုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ - ကျင်စန်းကျော့နှင့် တရုတ်တွင် ပျောက်ဆုံးနေသည့် ကုန်တင်ကားများ