ထိုင်းအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကျေးရွာလုံ ခြုံရေးအဖွဲ့ဝင်တွေက သတင်းပေးပို့ထားတဲ့အတွက် မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ လဝက ရဲတပ်ဖွဲ့ဝင်၊ နယ်မြေခံရဲ နဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ ၆ ဖွဲ့ ခွဲပြီး ၆ နေရာမှာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ မြို့နယ် ဒုလုံခြုံရေးမှူး နိုင်းနာ့သ်ဖတ် ငမ်းဆီရို့တ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီမနက်စောစောမှာတော့ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဖားနစ်လမ်းထဲကို မသင်္ကာဖွယ် ကား ၅ စီး ဝင်ရောက်လာကြောင်း၊ ရှေ့ကား ၃ စီးဟာ တာဝန်ရှိသူတွေကို တွေ့တာနဲ့ ကားကိုအရှိန်မြှင့်ပြီး ထွက်ပြေးသွားကြတယ်၊ ကျန်တဲ့ တိုယိုတာကား ၁ စီး နဲ့ အီဇူးစူးဒီမက်စ် ကား ၁ စီးတို့သာ အစစ်ဆေးခံတယ်လို့ ဆိုပါတယ်။
တိုယိုတာကားမောင်းသူမှာ အောင်နိုင်ဝင်း (၄၀ နှစ်) ဆိုသူ မြန်မာအမျိုးသား မောင်းနှင်ပြီး အီဇူးစူးကားကိုတော့ နိုင်ဝင်း ဆရီဆအတ် (၄၀ နှစ်) ဆိုသူ မွန်အမျိုးသား ၁ ဦးတို့ မောင်းနှင်လာပါတယ်။
အဆိုပါကား ၂ စီးပေါ်ကနေ တရားမဝင် မြန်မာအလုပ်သမား ၁၇ ဦး ( ကျား - ၁၄ ၊ မ - ၃ ) တို့ကို ခရီးဆောင်အိတ်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်း ၂ ဦးရဲ့ ဖွင့်ဟဝန်ခံချက်အရ သူတို့တွေဟာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ရောက်လာကြောင်း၊ ပွဲစားအဆက်အသွယ်နဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ သွားကြိုလာပြီး နောင်လူးအုပ်စု ဝမ်းကကျေးရွာရှိ လှေဆိပ်ကို ပို့ပေးဖို့ ဖြစ်တယ်၊ သယ်ခအဖြစ် ၁ ဦးလျှင် ဘတ် ၁၅၀၀ ရတယ်၊ လှေဆိပ်မှာ ပွဲစားက လှေနဲ့လာကြိုမယ်လို့ ဆိုပါတယ်။
သူတို့ဟာ အခုလို တရားမဝင်သူတွေကို သယ်ဆောင်ပေးတာ ဒီတကြိမ်ပါရင် ၆ ကြိမ်ရှိသွားပြီလို့ ဝန်ခံပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားပြီး လဝကဥပဒေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ပြောသွားပါတယ်။