ပြည်သူ့စစ်မှုထမ်းဆောင်မယ့်တွေကို စစ်တပ်က လစာနဲ့ရိက္ခာအပါအဝင် လိုအပ်တဲ့ပစွည်းတွေ ထောက်ပံ့ပေးမှာဖြစ်တာကြောင့် ပါဝင်ထမ်းဆောင်ကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံကနေ မနေ့က ပြောဆိုပါတယ်။
"၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ကျနော်တို့နိုင်ငံမှာ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့ အမျိုးသား ၆.၃ သန်း အမျိုးသမီး ၇.၇ သန်းရှိတယ်၊ အာလုံးပေါင်းရင် ၁၃ သန်းကျော်ရှိတယ်။ အဲ့ဒီထဲက လိုအပ်သလောက် တာဝန်ထမ်းဆောင်ခိုင်းမှာ။ ဆေးစစ်တဲ့ ကုန်ကျစရိတ်၊ လစာရိက္ခာအပြင် လိုအပ်တာတွေပေးမယ်။"
ပြည်သူစစ်မှုထမ်းသင်တန်းတွေကို မကြာမီပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းအပတ်စဥ်တခုကို လေးလကြာမြင့်မှာဖြစ်ပြီး တနှစ်လျှင် သုံးကြိမ်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ၁၈ ဦးနဲ့ မနေ့ညမှာ ဖွဲ့စည်းခဲ့ပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ညမှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။