Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် မဲဆောက်မြို့တွင် ပဲပြုတ်နှင့် နံပြား စတုဒိသာကျွေး
DVB
·
February 13, 2024
Mae Sauk 13 February 1_13022024

ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မှာ ကျရောက်တဲ့  မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့  ၁၀၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပပြီး  ပဲပြုတ်နဲ့ နံပြား စတုဒိသာ ကျွေးမွေးခဲ့ပါတယ်။

မွေးနေ့ပွဲ စီစဉ်သူ ပြည်သူ့အားမာန်ဒေါင်းတမန် (ပြည်သူ့အခြေပြုလူမှုကွန်ယက်)အဖွဲ့ ကော်မတီဝင် ကိုစွမ်းထက်က "ကျနော်တို့ရဲ့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို အထိမ်းအမှတ်အနေနဲ့ ကျွေးမွေးတာပါ။ ပြည်ပရောက် အလုပ်သမားတွေနဲ့ တော်လှန်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ လာရောက်သုံးဆောင်ခဲ့ကြပါတယ်”လို့  ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့ပွဲကို မြဝတီတဖက်ကမ်း မဲဆောက်မြို့က NEW WAVE ရွှေ့ပြောင်းကျောင်းမှာလည်း ကျင်းပခဲ့သလို မဲဆောက် မြို့မဈေးကြီးအတွင်းမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

CDM ဆရာမတဦးက "ကျမတို့ကကျ ပွဲမလုပ်နိုင်ဘူး။ ပွဲလုပ်ပေးတဲ့သူတွေ ဖိတ်လို့သ သွားတာပါ။ ဗိုလ်ယုတ် (မင်းအောင်လှိုင်) အာဏာသိမ်းလို့ ဒုက္ခရောက်နေကြတဲ့ အချိန်မျိုးမှာ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မျိုးဆိုတော့ ပဲပြုတ်နဲ့နံပြား စားရင်း သွားရောက်ခဲ့တာလို့  ပြောပါတယ်။

အလားတူ လွတ်မြောက်နယ်မြေရောက် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်းတပ်ဖွဲ့အသီးသီးနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သားတွေကလည်း တပြိုင်တည်း ကျင်းပနေကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်လည်းဖြစ်  မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က မကွေးတိုင်း နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။  သူသာ သက်ရှိ ထင်ရှားရှိနေမယ်ဆိုရင် ဒီနေ့မှာ ၁၀၉ နှစ်ပြည့်ပါပြီ။ 

တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းလို လူငယ်လူရွယ် ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ဗိုလ်ချုပ်မွေးနေ့မှာ မြန်မာကလေးများနေ့ကိုလည်း ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024