ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ညဈေးတိန်းဘက်က သုခလမ်းပေါ်ရှိ စန်းရွှေဟိုတယ် အနီး ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီခွဲကျော်က ဗုံးပေါက်ကွဲလို့ မြို့ခံ ၃ ဦးထိခိုက် သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မြို့ခံ အမျိုးသား တစ်ဦးက"မိန်းကလေး တယောက်က လက်မောင်း ထိသွားတယ်။ တယောက်က သတိလစ်သွားတယ်။ စန်းရွှေဟိုတယ်က လုံခြုံရေး ဝန်ထမ်းကလည်း ထိတာလား မသိဘူး" လို့ ပြောပါတယ်။
ဆိုင်ကယ်တစီးလည်း ထိခိုက်ပျက်စီးသွားကာ ကားတစီး ရှေ့မှန်ထိ၊ နောက်တစီးက နောက်မှန်ထိသွားတယ်လို့ ဆိုပါတယ်။
ဗုံးို ဆိုင်ကယ်နဲ့ လာရောက် ပစ်ချသွားတာဖြစ်ပြီး ဘယ်သူတွေ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ မသိရဘူးလို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသား တဦးကလည်း "ဗုံးက၊ အသီးထဲမှာ ထည့်ထားတာ။ အသီးဖာထဲမှာ ထည့်ထားတာ။ ဒါပေမဲ့ လာပစ်တော့ ဒီ ဟိုတယ်ရှေ့တည့်တည့် မရောက်ဘူး။ အဲဟိုတယ်ဘေးနားက ဆိုင်ရှေ့ ရောက်သွားတာပေါ့။ လမ်းသွားတဲ့ လူ ၂ ယောက် ထိသွားတယ်လို့ ပြောတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်လောက်က လက်နက်ကိုင် အဖွဲ့အစည်းတဖွဲ့က အခွန်ဆောင်ဖို့ ဟိုတယ်မှာ စာလာပေးတာရှိပြီး ဟိုတယ် ပိုင်ရှင် မရှိလို့လား၊ အဆင်မပြေလို့လားတော့ မသိရပဲ ဒီနေ့မှာတော့ ဗုံး လာခွဲသွားတယ်လို့ ဒေသခံက ပြောပါတယ်။
အခွန်ကောက်ခံသူတွေအနေနဲ့ ဒဏ်ငွေနဲ့သာ လုပ်သင့်ကြောင်း၊ အခုလို လူသား မဆန်ပဲအကြမ်းဖက် လုပ်ရပ်မျိုး လုပ်တာဟာ ဘယ်သူမှ လက်မခံနိုင်သလို အဖွဲ့အစည်း နာမည်လည်း ပျက်စေတယ်လို့ မြို့ခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကလည်း လားရှိုး ရပ်ကွက် ၈ ရှိ နေအိမ် တအိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့သလို ဇန်နဝါရီ ၃၀ ရက်ကလည်း လားရှိုး ရပ်ကွက် ၃ ရှိကုန်မာဆိုင် တဆိုင်အနီး ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသား တယောက်သေဆုံးကာ ကလေးငယ်တယောက်နဲ့ ဆိုင်အလုပ်သမား တယောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
Photo- Original Uploader