ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်မှာ ဖေဖော်ဝါရီ ၆ ရက်က နေရပ်ပြန်ပြီး ပစ္စည်းပြန်ယူတဲ့ ဒေသခံ နှစ်ယောက်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး ဖမ်းမိတဲ့ ဒေသခံ တယောက်ရဲ့ လက်ကို ဓားနဲ့ ခုတ် ခဲ့တယ်လို့ သိရပါတယ်။
ဟိုခဲရပ်ကွက်နေ အမျိုးသမီးတဦးက “သေနတ်နဲ့ လိုက်ပစ်တာ။ အဲဒီကား ပြန်ကွေ့မယ် လုပ်တုန်း သူတို့ သေနတ်နဲ့ လိုက်တာ။၊ တယောက်က ပြေးဆင်းပေမဲ့ ကားမောင်းတဲ့ တယောက် က ပြေး မလွတ်ဘူး။ စစ်မေးတာ ပစ္စည်းပြန်ယူတာလို့ ပြောလည်း မရဘူး။ ကားမောင်းတဲ့လက်ကို ခုံပေါ်တင်ခိုင်းပြီး ဓားနဲ့ ခုတ်လိုက်တာပဲ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွေမှာ ဆီဆိုင်မြို့အရှေ့မြောက် လွယ်ပွတ်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လမ်းတွေ အားလုံးပိတ်ဆို့ထားပါတယ်။
တိုက်ပွဲအခြေအနေတွေကြောင့် လမ်းတွေပိတ်တဲ့အတွက် နေရပ်ပြန် ပြောင်း၊ ငရုပ်၊ အာလူး နဲ့ စိုက်ပျိုးသီးနှံတွေ ပြန်သယ်တဲ့ ရွာသားတွေ ပြန်မထွက်နိုင်ဘဲ ပိတ်မိနေပါတယ်။
ပိတ်မိနေတဲ့ ရွာသားတဦးက “ထွက်လို့ မရဘူး၊ အကုန်ပိတ်ထားတယ်၊ ပြောင်းကားတွေ အစီး ၂၀ လောက်ရှိတယ်။ လွယ်ပွတ်ကနေပဲ ပတ်သွားရတာကို ဒီလမ်းပိတ်တော့ ပြန်ထွက်မရဘူး” လို့ ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဆီဆိုင်မြို့ခံတွေကို နေရပ်ပြန်နေတာ၊ မြို့တွင်း ဝင်ရောက်တာ၊ ပစ္စည်းပြန်ယူတာတွေ မလုပ်ဘဲ ဘေးကင်းတဲ့နေရာမှာ ခေတ္တနေထိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။