စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ဘီယာနဲ့ တခြားပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတစီးကို ဖမ်းဆီးရမိခဲ့ပြီး ဘီယာတွေကို ဖေဖော်ဝါရီ ၃ ရက် မနေ့က ဖျက်ဆီးခဲ့တယ်လို့ ရေဦး ပအဖအဖွဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် နေ့လယ်က ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး ဒဂုန်ဘီယာ ဖာအရေအတွက် ၁၇၀၀ လောက်ကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
ရေဦးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “လာတဲ့ကားက ရွှေဘိုဘက်ကနေ လာတာပါ။ ဖမ်းတာက ကျနော်တို့ ရေဦးနယ် စစ်ဆေးရေး ဂိတ်တခု ကနေ ဖမ်းတာပါ။ ဖျက်ဆီးတာက ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ခင်း ၁၀ နာရီလောက်မှာ ကားနဲ့တက်ကြိတ်ပြီး ဖျက်ဆီးခဲ့တာ။ သယ်ဆောင်လာတဲ့ ကားသမားနဲ့ ကားစပယ်ယာကိုတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တားမြစ်ထားတဲ့ ကုန်ပစ္စည်း သယ်ဆောင်မှု၊ ကုန်သွယ်မှု ဥပဒေအရ ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ် ချမှတ်လို့ရတဲ့ ပြစ်မှုကို ကားသမားတွေက သာမန် ကားသမားတွေ ဖြစ်တာကြောင့် ငွေဒဏ်နဲ့ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကရော၊ သပိတ်အင်အားစုတွေကပါ စစ်ကောင်စီ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို မသုံးစွဲကြဖို့၊ သယ်ဆောင် ရောင်းချတာ မလုပ်ကြဖို့ တိုက်တွန်းထားပြီး သယ်ဆောင်ရောင်းချရင် အရေးယူသိမ်းဆည်းပြီး စစ်တပ် ထုတ်ကုန်တွေကို ဖျက်ဆီးမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ကြေညာထားတာပါ။