ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက နေ့စဥ် လေကြောင်းတိုက်ခိုက် ဗုံးကြဲကာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ PNO/PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အမိန့်ပေးကာ လူသစ်စုဆောင်းတာနဲ့ လက်နက်ဖိုးငွေ တအိမ် ၁ သိန်းစီ ကောက်ခံနေတယ်လို့ သိရပါတယ်။
ရှမ်းတောင်ဒေသခံတဦးက “ဆီဆိုင်မြို့ကို ပြန်သိမ်းနိုင်ဖို့ PNO က ပအိုဝ်းကျေးရွာတွေကို ဖိအားပေး လူသစ်စုနေတယ်။ မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့က တောင်ကြီးမြို့ မြောက်ဘက်က ပေါမူရွာမှာ လူငယ်တွေကို စည်းရုံးရေးလုပ်သွားတယ်” လို့ ပြောပါတယ်။
ဟိုပုံးမြို့နယ်နဲ့ တောင်ကြီးမြို့နယ်က လူငယ် ၁၀,၀၀၀ ဝန်းကျင် တက်ရောက်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေ စစ်မှုထမ်းဖို့ ဟောပြောစည်းရုံးခဲ့ကြောင်း၊ တက်ရောက်တဲ့ လူငယ်တွေ အားလုံးက အမိန့်ပေးလို့ တက်ရောက်ရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ ဟိုပုံးမြို့နယ် မဲနယ်တောင်တကျော ဒေသက ရွာလူကြီးတွေနဲ့ PNO အဖွဲ့က အစည်းအဝေးပြုလုပ်ပြီး တရွာကို ၅ ဦး စစ်မှုထမ်းဖို့ စာရင်းပေးခေါ်ယူနေသလို တချို့ရွာတွေမှာ တအိမ်တယောက် ခေါ်ယူနေခဲ့တာဖြစ်ပြီး လက်နက်ဖိုးငွေ တအိမ် ၁ သိန်းစီ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထည့်ဖို့ အမိန့်ပေးတယ်လို့လည်း သိရပါတယ်။
အလားတူ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု ၃၂ ရွာလုံးမှာလည်း တရွာ ၅ ဦးနှုန်းနဲ့ လူသစ်စုဆောင်းနေပါတယ်။
ညောင်ရွှေမြို့နယ် စံကားအင်းဒေသ လင်လမ်တောင်မြောက် ကျေးရွာအုပ်စုက ပအိုဝ်းရွာအားလုံးကိုလည်း လူသစ်စုဆောင်းခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကနေ သိရပါတယ်။
PNA/PNO ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက မြောက်ပိုင်းမဟာမိတ်တွေနဲ့ ကရင်နီဒေသ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်တဲ့ မဟာဗျူဟာလမ်းပေါ်က ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။