Home
မြန်မာသတင်း
ကိုးကန့် ကျားဖြန့်ခေါင်းဆောင်များကို စစ်ကောင်စီက တရုတ် လက်အပ်
DVB
·
January 31, 2024
kyar 3112024

တရုတ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်ဦးဆောင်သူများအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကိုးကန့် ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို  ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ တရုတ်ကို အပ်လိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ညက နေပြည်တော်လေဆိပ်မှာ စစ်ကောင်စီက တရုတ်နိုင်ငံရဲတပ်ဖွဲ့ကို ကိုးကန့် ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချိန်၊ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ဖူလီလိုက်လုပ်ငန်းစု ဦးဆောင်သူ ဦးလျိုအားပေါက် အပါအဝင် ၁၀ ဦးကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်က နေပြည်တော်မှာ ကိုးကန့်တွေ ခေါ်ထားတာ ကြာပြီ။ အခုမှ တရုတ်လက် အပ်တာ ဆယ်ယောက်ထဲမှာ လေးယောက်က တရုတ်ထောက်လှမ်းရေးတွေ ပစ်သတ်တဲ့ အမှုမှာ ပါတဲ့သူတွေ။”

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်ဒေသဥက္ကဋ္ဌဟောင်း ပယ်စောက်ချိန် အပါအဝင် ၁၀ ဦးကို မြန်မာရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့ညက ထုတ်ပြန်ပါတယ်။

တရုတ်က အလိုရှိနေတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်းတွေနဲ့အတူ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက  ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ် သေနတ်ပစ်မှုမှာ တရုတ်ထောက်လှမ်းရေးအချို့နဲ့ တရုတ်နိုင်ငံသားအချို့ ‌သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမှုမှ တရားခံ ၄ ဦးလည်း ပါဝင်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ မြီရှောက်ချန်း အပါအဝင် မိသားစုဝင် ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ရာ မြီရှောက်ချန်းကို ပစ်သတ်ခဲ့ပြီး ကျန်မိသားစုဝင် ၃ ဦးကိုသာ တရုတ်ကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲပြီး မြို့ပေါင်း ၂၀ နဲ့ စစ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024