လူမျိုးရေးကွဲပြားမှုအပေါ် အခြေခံပြီး ရဲတွေက မကြာခဏ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတဲ့အပေါ် ဂျပန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူ သုံးဦးက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဂျပန်အစိုးရနဲ့ ဒေသအစိုးရအဖွဲ့တွေကို တရားစွဲဆိုခဲ့ပါတယ်။
တရားစွဲဆိုသူသုံးဦးမှာ တဦးက အိန္ဒိယနွယ်ဖွား၊ တဦးက ပါကစ္စတန်နွယ်ဖွားဖြစ်ပြီး နောက်တဦးက အမေရိကန်နွယ်ဖွား လူမည်းတဦး ဖြစ်ပါတယ်။
ဂျပန်မှာ သက်ကြီးရွယ်အို များပြားလာပြီး လူဦးရေကျဆင်းလာတာကြောင့် အလုပ်သမား ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရချိန်မှာ ပြည်ပလုပ်သားတွေ လာရောက်လုပ်ကိုင်မှု များပြားလာပါတယ်။
သူတို့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ လူမျိုး၊ မျိုးနွယ်၊ နိုင်ငံသားဖြစ်မှုအပေါ် အခြေခံပြီး ရဲတွေက ခဏခဏ စစ်နေတာဟာ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်ပြီး တရားမဝင်ဘူးဆိုတာကို နိုင်ငံအစိုးရ၊ တိုကျိုမြူနီစပယ်၊ အိုက်ချီစီရင်စု အာဏာပိုင်တွေက အသိအမှတ်ပြုရမယ်လို့ တရားလိုသုံးဦးက တောင်းဆိုထားပါတယ်။
တရားလိုတဦးဖြစ်တဲ့ မက်သယူးလို့သာ ဖော်ပြတဲ့ ပုဂ္ဂိုလ်ဟာ အိန္ဒိယနွယ်ဖွားဖြစ်ပြီး ဂျပန်မှာနေတာ အနှစ် ၂၀ ကျော်လာပြီဖြစ်သလို အမြဲတမ်းနေထိုင်ခွင့် PR ရထားသူပါ။ ဒါပေမဲ့ ရဲက သူ့ကို စစ်တဲ့အကြိမ်ရေဟာဆိုရင် မရေမတွက်နိုင်အောင်ပဲလို့ ဆိုပါတယ်။
“လူတောမတိုးဘူးဆိုတာ ဘာလဲဆိုတာ အရင်တုန်းက မသိခဲ့ဘူး။ အလုပ်ပြီးသွားပြီဆိုရင် အိမ်ထဲပဲ ပုန်းနေဖြစ်တော့တယ်” လို့ မက်သယူးက ပြောပါတယ်။
နောက်တရားလိုတဦးဖြစ်သူ ဆာအိဇိန်း ဆိုရင်လည်း ပါကစ္စတန်မှာ မွေးပေမဲ့ ကလေးဘဝကတည်းက မိသားစုနဲ့အတူ ဂျပန်ကိုပြောင်းလာပြီး ဂျပန်နိုင်ငံသားဖြစ်ခွင့် ရထားသူပါ။
အမေရိကန်နွယ်ဖွား မောရစ်ကလည်း ဒီအမှုကြောင့် ဂျပန်မှာနေတဲ့ ပြည်ပနွယ်ဖွားတွေရဲ့ အခက်အခဲကို အများအာရုံစိုက်လာဖို့ မျှော်လင့်နေပါတယ်။
တရားလိုသုံးဦးဟာ တဦးစီအတွက် နစ်နာကြေး ဝမ် ၃ သန်း (ဒေါ်လာ ၂၀,၂၅၀) စီ တောင်းဆိုထားပါတယ်။
Source/Photo-Reuters